နေ့စဉ် မပါမဖြစ် စားသုံးနေရတဲ့ထဲမှာ စားသုံးဆီတွေလည်း ပါဝင်ပါတယ်။ အိမ်ရှင်မတွေအတွက်လည်း စား သုံးဆီ အမျိုးအစားကို မှန်မှန်ကန်ကန် ရွေးချယ်သင့်သလို ကျန်းမာရေးနဲ့ အသင့်တော်ဆုံးဖြစ်ဖို့လည်း လိုပါ တယ်။
မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲမှာ စားသုံးဆီ အမျိုးမျိုး ရှိတဲ့ထဲက ပဲဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီ စတဲ့ အမျိုးအစားတွေကို စားသုံးသူဘက်က ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်တဲ့ အရည်အသွေး အသင့်အတင့်နဲ့ ဈေးသက်သာတာကို အဓိကထား ရွေးချယ်ကြတယ်လို့ သိရပါတယ်။
“ဆီက အမျိုးအစားအစုံပဲပေါ့နော်။ အရင်ကတော့ ပဲဆီ၊ စားအုန်းဆီတွေ ဝယ်ကြတယ်။ အခုနောက်ပိုင်းတော့ နိုင်ငံခြား ဆီတွေ ရောက်လာတာရယ်၊ ကျန်းမာရေးအသိပိုရှိလာတော့ စားအုန်းဆီထက် ပဲပိစပ်ဆီ၊ နေကြာဆီတွေလည်း ဝယ်လာကြတယ်။ ပဲဆီကတော့ အစစ် (ဆုံဆီ) ဆိုရင် ဈေးများတော့ တကယ်ကြိုက်တဲ့သူတွေပဲ ဝယ်ကြတော့တယ်” လို့ ဆီရောင်းဝယ်ရေးဆိုင်မှ ပိုင်ရှင်တဦးက ဆိုပါတယ်။
ကျန်းမာရေးနဲ့ အသင့်တော်ဆုံးလို့ သတ်မှတ်ထားတာကတော့ သံလွင်ဆီ အမျိုးအစားဖြစ်ပြီး လူကို အာဟာရဖြစ်စေတဲ့ ကိုလက်စထရော ပါဝင်မှု မရှိတဲ့ မပြည့်ဝဆီ (Monounsaturated Fats) ကြွယ်ဝစွာ ပါဝင်တဲ့အပြင် Antioxidant ပါဝင်ပြီး နှလုံးရောဂါ၊ လေဖြတ်လေငန်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
နောက်ထပ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေကြာဆီမှာလည်း Monounsaturated Fats ၈၀ ရာခိုင်နှုန်းကျော် ပါဝင်သလို ကိုယ်ခံအားစနစ်ကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေပြီး အသားရေ လှပစိုပြေစေပါတယ်။
အိမ်ရှင်မတွေအတွက်လည်း နေ့စဉ်ချက်ပြုတ်တဲ့ထဲမှာ မပါမဖြစ် အသုံးပြုရတဲ့ စားသုံးဆီတွေကို ရွေးချယ်တဲ့အခါ အသုံးခံဖို့၊ အရည်အသွေးကောင်းဖို့၊ အိမ်သားတွေ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ စတဲ့ အချက်တွေပေါ်အခြေခံပြီး ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်းမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေကြာဆီကို ပိုအသုံးများလာတဲ့အကြောင်းကိုလည်း အိမ်ရှင်မ တဦးက အခုလိုပဲ ပြောပါတယ်။
“အန်တီကတော့ ခုနောက်ပိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေကြာဆီကို အသုံးများလာတယ်။ အရင်ကတော့ ပဲဆီပဲ သုံးကြတာလေ။ နောက်ပိုင်း ပဲဆီကလည်း မသန့်တော့ဘူး၊ နှလုံးသွေးကြော ပိတ်တာမျိုးတွေ၊ ကိုလက် စထရောတက်တာမျိုးတွေ ဖြစ်တယ်ပြောကြတာနဲ့ နေကြာဆီ ပြောင်းသုံးကြည့်တာ အဆင်ပြေပါတယ်”
“နေ့တိုင်း ကြော်လှော်ချက်ပြုတ်ရတော့ နေကြာဆီက အကြော်လည်း ခံတယ်၊ ဟင်းချက်ပြီးရင်လည်း ပဲဆီတွေလို အိုးမှာ ဆီအနှစ်တွေ ကျန်မနေဘူး။ တိုက်ချွတ်ဆေးကြောရတာလည်း လွယ်တယ်”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ Palm Oil လို့ခေါ်တဲ့ စားအုန်းဆီတွေဟာ ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ သတ်မှတ်ထားတာဟာ တင်သွင်းလာတဲ့ ဆီတွေရဲ့ အရည်အသွေး မပြည့်မီတာကြောင့်လို့ ဆိုပါတယ်။ တခြားနိုင်ငံတွေမှာတော့ စားအုန်းဆီကို အရည်အသွေး ပြည့်မီအောင် သန့်စင်ထုတ်လုပ်ထားတာကြောင့် စားသုံးကြပါတယ်။
ဒါကြောင့် စားသုံးဆီဝယ်တော့မယ်ဆိုရင် အရင်ဆုံး အရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ၊ FDA ခွင့်ပြုချက်ရှိတဲ့ တံဆိပ်ကို သေချာစိစစ် ရွေးဝယ်သင့်ပါတယ်။ လူကို အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေ ကင်းရှင်းကြောင်း အသိအမှတ် ပြုထားတဲ့ GMP, HACCP စတဲ့ တံဆိပ်တွေပါတဲ့ ဆီကို ရွေးချယ်ပါ။
လက်ရှိ မြန်မာနိုင်ငံဈေးကွက်ထဲမှာတော့ ပဲဆီသန့်သန့် (ဆုံဆီ) ဆိုရင် တပိဿာ ကျပ် ၈,၀၀၀၊ ၉,၀၀၀ ဝန်းကျင် ရှိပြီး၊ ပဲပိစပ်၊ နေကြာဆီ စတာတွေကတော့ အမျိုးအစားပေါ် မူတည်ပြီး တပိဿာကို ကျပ် ၄,၀၀၀ ကနေ ၅,၀၀၀၊ ၆,၀၀၀ လောက်အထိ ရှိပါတယ်။
You may also like these stories:
ထိုင်းတွင် ဆေးကုနေသော မန္တလေးဝန်ကြီးချုပ် ကျန်းမာရေး မစိုးရိမ်ရ ဟုဆို
ဗိုင်းရပ်ပိုးတမျိုး တရုတ်ပြည်မှာ ပျံ့နေ
ဆံပင် မကြာခဏ ဆေးဆိုးခြင်းဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်