အမေရိကန်နိုင်ငံတွင်း စစ်တမ်းတွေအရ ဆယ်ကျော်သက်ဦးရေရဲ့ ထက်ဝက်ဟာ အဝလွန်မှုနဲ့ ဆီးချိုသွေးချို ဖြစ်ပွားမှု ကြုံတွေ့နေရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကိုယ်အလေးချိန်လျော့ကျဖို့ စားသောက်နေထိုင်မှုပုံစံရဲ့ အရေးပါမှုနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေဟာ ကျန်းမာတဲ့ ခန္ဓာကိုယ် တည်ဆောက်မှုအတွက် အထောက်အကူဖြစ်ကြောင်း သုတေသနပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။
နောက်ထပ် ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးအခြေအနေ ဆက်စပ်မှုမှာ တွေ့ရှိလိုက်ရတာကတော့ ကိုယ်အလေးချိန်များလွန်တဲ့ ခန္ဓာကိုယ်တွေဟာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆေးဝါးသုတေသန နယ်ပယ်က ပညာရှင်တွေဟာ ကိုယ်အလေးချိန် ထိန်းသိမ်းထားနိုင်တဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ကောက်ချက်ချ သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
တိကျ သေချာတဲ့ အဖြေတခု ရရှိလာဖို့အတွက် အမေရိကန် ကင်ဆာအဖွဲ့အစည်းတခုကနေ အသက် ၅၀ ကျော် အမျိုးသမီးပေါင်း ၁ သိန်း ၈ သောင်းပါဝင်တဲ့ စောင့်ကြည့်လေ့လာမှုတခုကို ပြုလုပ်ခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ကိုယ်အလေးချိန်လျော့ကျမှု ဘယ်လောက် အတိုင်းအတာအထိဖြစ်ဖြစ် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ၁၀ ပေါင်လျော့ကျသွားတဲ့ အမျိုးသမီးတဦးဟာ ၁၃ ရာခိုင်နှုန်း ၊ ပေါင်၂၀ လျော့ကျသွားတဲ့ အမျိုးသမီးတဦးဟာ ၂၆ ရာခိုင်နှုန်းအထိပဲ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ရှိတော့တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြတာပါ။
သုတေသနကိုဦးဆောင်သူ Lauren Teras က “ဒီတွေ့ရှိမှုဟာ အမေရိကန် အမျိုးသမီးထုအတွက် စိတ်အားတက်စရာဖြစ်ပြီး အသက် ၅၀ မတိုင်ခင် ကိုယ်အလေးချိန် ထိန်းသိမ်းထားနိုင်ဖို့ နောက်မကျသေးပါဘူး”လို့ အင်တာဗျူး တခုမှာ ဖြေကြားခဲ့ပါတယ်။
သုတေသနပညာရှင်တွေဘက်က ကိုယ်အလေးချိန်ထိန်းသိမ်းထားမှုနဲ့ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ဆက်စပ်မှုဟာ ဘာအကြောင်းကြောင့်လို့ တိတိကျကျ ဖော်ပြနိုင်ခြင်း မရှိသေးပေမယ့် ယေဘူယျသဘောအရ ဟော်မုန်းပြောင်းလဲမှုဟာ တစိတ်တပိုင်း သက်ရောက်မှုရှိတယ်လို့ပဲ ပြောဆိုနိုင်သေးတာ ဖြစ်ပါတယ်။
Ref. www.mindbodygreen.com