တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ထိုင်းနိုင်ငံမှာ ၁ ယောက်ရှိနေပြီး ခုချိန်မှာတော့ ဂျပန်နိုင်ငံသားတဦးကိုလည်း ထပ်မံကူး စက်သွားပြီလို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ကိုရိုနာရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေအပြန်မှာ ရောဂါကူးစက်ခံခဲ့ရတယ် လို့ သိရပါတယ်။
ရောဂါကူးစက်ခံရသူဟာ ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် တရုတ် အမျိုးသား တယောက်ပါ။ အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ ဂျပန်နိုင်ငံကို ပြန်လာခဲ့စဉ် ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးတဲ့နောက် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့တာကြောင့် ဆေးရုံကနေ ဆင်းသွားခဲ့ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အခုချိန်မှာတော့ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ထားရတဲ့ တခြားလူနာ မရှိဘူးလို့လည်း သိရပါတယ်။
တရုတ်နိုင်ငံမှာ ရောဂါကူးစက်ခံရသူပေါင်း ၄၁ ယောက်အထိ ရှိနေပြီး ထိုင်းနိုင်ငံမှာ ၁ ယောက် ၊ ဂျပန်နိုင်ငံမှာ ၁ ယောက် ကူးစက်ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအမျိုးသမီးကလည်း ဝူဟန်ကနေ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်သူပါပဲ။
ကိုရိုနာဗိုင်းရပ်ဟာ ပုံမှန် အအေးမိရောဂါတွေလို နှာခေါင်း ဒါမှမဟုတ် လည်ပင်းအပေါ်ပိုင်းတွေကို ကူးစက်တတ်ပြီး နှာချေတာ၊ ချောင်းဆိုးတာတွေကနေတဆင့် ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် မခံရအောင် လက်ဆေးဖို့နဲ့ အအေးမိတာ တုပ်ကွေးမိတာမျိုးတွေ မဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွားရောက်မယ့် ခရီးသွားတွေအနေနဲ့လည်း ရောဂါ ကူးစက် မခံရအောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်ကတော့ ရောဂါဖြစ်ပွားနေတဲ့ ဝူဟန်မြို့ကို သွားရောက်မယ့် သူတွေအနေနဲ့ ပိုပြီးသတိထားသင့်ပါတယ်။ နှာချေ၊ ချောင်းဆိုးတာကနေတဆင့် ကူးစက်နိုင်တဲ့အတွက် လက်သုတ်ပုဝါ ဒါမှမဟုတ် Mask လိုအရာမျိုး ဆောင်ထားသင့်ပါတယ်။
လက်ရှိ အချိန်ထိတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးဘူးလို့လည်း သိရပါတယ်။ အခုချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူ ၁ ယောက် သေဆုံးခဲ့ရပါတယ်။
Ref: edition.cnn
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနဲ့ မြန်မာကို လာရောက်တဲ့ တရုတ်ခရီးသွားများအား စောင့်ကြည့်နေရ
အရေပြား ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ
သက်လတ်ပိုင်းအရွယ်အထိ အလုပ်လုပ်ခြင်းဟာ အသက်ရှည်စေကြောင်း လေ့လာတွေ့ရှိ