ဆေးပညာသုတေသန လေ့လာပညာရှင်တွေရဲ့ အဆိုအရ နေ့လယ်ဘက် တရေးတမောအိပ်စက်ခြင်းဟာ သွေးတိုးရောဂါဝေဒနာခံစားနေရသူတွေ သောက်သုံးနေတဲ့ သွေးပေါင်ကျဆေးလို ဆေးဝါးတွေထက် ကျန်းမာရေးကို ပိုမိုအထောက်အကူပြု ကောင်းမွန်စေနိုင်တယ်လို့ ဆိုပါတယ်။
ဒီသုတေသနလေ့လာတွေ့ရှိမှုကို သိပ်မကြာသေးခင်လပိုင်းကမှ လေ့လာတွေ့ရှိ အတည်ပြုခဲ့တာဖြစ်ပြီး New Orleans မှာရှိတဲ့ နှလုံးသွေးကြောနဲ့ သွေးပေါင်ချိန်ဆိုင်ရာ ဆေးသုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
သွေးတိုးရောဂါကို ဆေးပညာရှင်တွေက (Silent Killer) အသံတိတ်လူသတ်သမားလို့တောင် တင်စားခေါ်ဝေါ်ကြရပြီး ကမ္ဘာနဲ့တဝှမ်းမှာဆိုရင် သွေးတိုးရောဂါခံစားနေရသူတွေကလည်း အများအပြားပဲ ဖြစ်ပါတယ်။ နေ့စဉ်စားသောက် နေထိုင်မှုပုံစံပေါ်မူတည်ပြီး အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါအမျိုးအစားလည်းဖြစ်တာကြောင့် သွေးတိုး ရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ မိမိကိုယ်ကို စောင့်ရှောက်မှုအပိုင်းမှာ ဂရုတစိုက်နေထိုင်သင့်တာလည်း ဖြစ်ပါတယ်။
ဒီသုတေသနလေ့လာစမ်းသပ်မှုအတွက် လေ့လာသူတွေဟာ သွေးတိုးရောဂါခံစားနေရတဲ့ အသက် ၅၀ ကနေ ၆၀ ဝန်းကျင်ရှိ ဝေဒနာသည်ပေါင်း ၂၀၀ ကျော်လောက်ကို စစ်တမ်းကောက်ယူလေ့လာခဲ့တာဖြစ်ပြီး နေ့လယ်အချိန် တရေးတမော အိပ်စက်ခြင်းဟာ သွေးတိုးရောဂါဝေဒနာရှင်တွေအတွက်တော့ သွေးပေါင်ကျဆေးတွေ သောက်သုံးတာ ထက်တောင် ပိုမိုကောင်းမွန်တယ်ဆိုတဲ့ ရလဒ်ကို ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိမှုအရ နေ့လယ်ဘက်တရေးတမောအိပ်စက်ခြင်းဟာ သွေးပေါင်ချိန်ကို မျှတစေနိုင်တယ်ဆိုပေမယ့် နေ့စဉ်စားသောက်တဲ့ပုံစံကလည်း အရေးကြီးတာကြောင့် အာဟာရမျှတအောင် စားသုံးဖို့နဲ့ အရက်သောက်သုံးမှု၊ ဆားစားသုံးမှုလွန်ကဲမှု စတာတွေကိုလည်း ဆင်ခြင်ဖို့ လိုအပ်ကြောင်းကို အကြံပြုထားတာ ဖြစ်ပါတယ်။
နေ့လယ် တရေးအိပ်စက်ခြင်းဟာ သွေးပေါင်ချိန်ကို မျှတစေတဲ့အပြင် နှလံုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ Heart Attack ဖြစ်တာ၊ လေဖြတ်တာ စတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေကို လျော့နည်း စေနိုင်တယ်လို့ သိရပါတယ်။
Ref. forum.facmedicine.com
You may also like these stories:
ကယ်လိုရီများလွန်းတဲ့ အစားအစာတွေ စားပြီးတဲ့အခါတိုင်း ပြုလုပ်ပေးသင့်တဲ့ အချက်များ
သင်သတိမထားမိတဲ့ အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူများ
အယ်လ်ဇိုင်းမားရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ စားပေးသင့်တဲ့ အစားအစာများ