တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံက မြို့တော်တော်များများကို ကူးစက်ပျံ့နှံ့သွားခဲ့ပြီး အခုချိန်ထိ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၉ ဦးရှိကာ ၃ ဦး သေဆုံးသွားခဲ့ပြီလို့ တရုတ်အစိုးရက အတည်ပြု ပြောကြားထားပါတယ်။ လူသေဆုံးမှုတွေ ဖြစ်ပွားနေတဲ့အတွက်ကြောင့် နိုင်ငံအများစုဟာ ဒီရောဂါ ကူးစက်ခံရမှာ ကြောက်လန့်နေကြပါတယ်။
မကြာခင် တရုတ်နှစ်သစ်ကူးပွဲတော် ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် နိုင်ငံတကာကို ခရီးသွားကြမယ့် တရုတ် ခရီးသွားတွေကလည်း အများကြီးပါ။ ဒါကြောင့်လည်း နိုင်ငံအများစုက တရုတ်ခရီးသွားတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးသွားဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ လေဆိပ်တွေမှာ တရုတ်ခရီးသွားတွေကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေသလို ထိုင်းနိုင်ငံက လေဆိပ်တွေမှာလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာတော့ ဝူဟန်မြို့ကနေ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်အမျိုးသမီးတယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့အတွက်ကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။
ဝူဟန်မြို့ကို သွားရောက် လည်ပတ်ခဲ့တဲ့ ဂျပန်နိုင်ငံသား တယောက်မှာလည်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တဲ့အတွက်ကြောင့် ဆေးကုသမှု ခံယူခဲ့ရပြီး အခုအချိန်မှာတော့ ဆေးရုံက ဆင်းသွားခဲ့ပြီလို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ နှာစေး၊ ချောင်းဆိုကနေတဆင့် ကူးစက်တတ်တဲ့အတွက်ကြောင့် အထူး သတိထားရမယ့် ရောဂါပိုး တမျိုးပါ။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီဗိုင်းရပ်စ်ဟာ အခုချိန်မှာတော့ ဘေကျင်း၊ ကွမ်တုံနဲ့ ရှန်ကျန်းမြို့တွေမှာလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံ ကျန်းမာရေး ဦးစီးဌာနတွေက ပြောပါတယ်။ တရုတ်နိုင်ငံ ပြင်ပမှာဆိုရင်တော့ ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ကူးစက်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို အလည်သွားပြီး ပြန်လာတဲ့ အမျိုးသမီး တယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အတည်ပြု ပြောကြားထားပါတယ်။ အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ အရေအတွက်က ပိုမိုများပြားလာနေပါတယ်။ တရုတ်နိုင်ငံထဲမှာတင် ဖြစ်ပွားနေတာမျိုး မဟုတ်တော့ဘဲ တခြားနိုင်ငံတွေကိုပါ ဆက်လက် ကူးစက်နေပါတယ်။
အဓိကကတော့ တရုတ်နိုင်ငံကို သွားရောက် လည်ပတ်သူတွေကို ကူးစက်နေသလို တရုတ်နိုင်ငံကနေ လာရောက် လည်ပတ်သူ တချို့မှာလည်း ဒီဗိုင်းရပ်စ်ကို တွေ့ရှိနေပါတယ်။
Ref: edition.cnn, wsj
You may also like these stories:
တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံသားတဦးကို ထပ်မံကူးစက်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနဲ့ မြန်မာကို လာရောက်တဲ့ တရုတ်ခရီးသွားများအား စောင့်ကြည့်နေရ