ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံ အစိုးရက တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။ တရုတ်နှစ်သစ်ကူး ပွဲတော်အတွင်း ကမ္ဘောဒီးယားနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ် ခရီးသွားတွေကိုလည်း ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်နဲ့ သက်ဆိုင်ရာ လေဆိပ်တွေမှာ စောင့်ကြည့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလလောက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၄၄၀ ကျော်ကို ကူးစက်ခဲ့ပြီလို့ သိရပါတယ်။ အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်ပြည်ထောင်စုမှာပါ ဖြစ်ပွားနေတာကို တွေ့ရှိရပြီး ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတွေမှာလည်း ရောဂါကူးစက်ခံရသူတွေကို တွေ့နေရပါတယ်။
သြစတြေးလျနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူ တဦးကို သီးခြား ခွဲထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ အဲဒီအမျိုးသားကလည်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေအပြန် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ ခံစားနေရတဲ့အတွက် အခုလို စစ်ဆေးမှုတွေ ခံယူနေရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးပေမယ့် တရုတ်နှစ်သစ်ကူးအတွင်း လာရောက်ကြမယ့် တရုတ်ခရီးသွားတွေကနေတဆင့် ကူးစက်နိုင်တဲ့အတွက် အထူးစောင့်ကြည့် စစ်ဆေးသွားမယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ မတွေ့ရှိရသေးပေမယ့် နှစ်သစ်ကူး ကာလအတွင်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြမယ့် တရုတ်ခရီးသွားတွေကို အထူးဂရုစိုက်ပြီး စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောထားပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်တွေမှာလည်း ရောဂါစစ်ဆေးတဲ့စက် တပ်ဆင်ထားသလို မူဆယ်နယ်စပ်ဂိတ်မှာလည်း စက်တပ်ဆင်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
တရုတ်နှစ်သစ်ကူး ပွဲတော်ကလည်း နီးကပ်လာပြီဆိုတော့ တရုတ်ခရီးသွာ းအများအပြား နိုင်ငံတကာကို ခရီးသွားကြပါတော့မယ်။ ဒါကြောင့်လည်း တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး နိုင်ငံအသီးသီးမှာ ကျန်းမာရေးအစီအစဉ် ချမှတ်ပြီး ဆောင်ရွက်နေတာကိုလည်း တွေ့နေရပါတယ်။
Ref: voacambodia
You may also like these stories:
ဦးနှောက်ကင်ဆာ ဖြစ်နေတဲ့အချိန်အတွင်း သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော် စိုက်ခဲ့တဲ့ အမျိုးသမီး
ကူးစက်မှု မြန်ဆန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေကို အထူးကြပ်မတ်ဖို့လို
တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ရာနဲ့ချီပြီး ဆက်လက် ကူးစက်နေ