အမျိုးသမီးတွေမှာ အဖြစ်အများဆုံးနဲ့ ကင်ဆာရောဂါတွေထဲမှာ ဒုတိယအဖြစ်အများဆုံးဖြစ်တဲ့ ရင်သားကင်ဆာရောဂါဟာ အသက်အရွယ် ရလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများတဲ့ ရောဂါတမျိုးပါ။
တခြားသော ကင်ဆာရောဂါတွေလိုပဲ ရင်သားကင်ဆာ ရောဂါဟာလည်း စားသောက် နေထိုင်မှုပုံစံ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ စတာတွေနဲ့ ဆက်စပ်နေပြီး အခုနောက်ဆုံး လေ့လာတွေ့ရှိမှုတွေအရ ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်အိတ်နဲ့ ပါဆယ်ထည့်ထားပြီး မကြာခဏ စားသုံးခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။
လေ့လာစစ်ဆေးမှု မှတ်တမ်းတွေအရ အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်ပွားမှု အများဆုံး အသက်အရွယ် အပိုင်းအခြားဟာ အသက် ၄၀ ဝန်းကျင် အသက်အရွယ်မှာဖြစ်ပြီး အသက် ၄၀ မကျော်ခင် အရွယ်အပိုင်းအခြားမှာလည်း ဖြစ်ပွားမှုနှုန်း များတယ်လို့ သိရပါတယ်။
အသက် ၄၀ မကျော်ခင် ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ စားသောက်မှုပုံစံ၊ မျိုးရိုးလိုက်တာတွေအပြင် နောက်ထပ် အကြောင်းရင်းတခုကတော့ ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်ဘူးတွေ၊ အိတ်တွေနဲ့ ထည့်ထားတဲ့ အစားအစာတွေ စားသောက်မှုနှုန်းများခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ပလတ်စတစ်တွေဟာ ပူလွန်းတဲ့အစားအစာနဲ့ ထိတွေ့မိတဲ့အခါ Bisphenol A (BPA) ဆိုတဲ့ ဓာတ်တမျိုးထွက်ရှိလာပြီး အဲဒီ BPA ဓာတ်ဟာ အမျိုးသမီးဟော်မုန်းကို အားနည်းစေပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့လည်း ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်နဲ့ ထုပ်ပိုးသယ်ယူပြီး စားသောက်ခြင်းကို အတတ်နိုင်ဆုံး လျှော့ချဖို့ ဆေးပညာရှင်တွေက အကြံပြုပြောဆိုထားပြီး မဖြစ်မနေ ထုပ်ပိုး သယ်ယူရမယ်ဆိုရင်တောင် အပူနဲ့ကြာကြာ မထိတွေ့စေဖို့၊ ပလတ်စတစ် မဟုတ်တဲ့ ကိုယ်ပိုင်ဘူးလို အရာမျိုးတွေကို သယ်ယူသွားဖို့ အကြံပြုထားပါတယ်။
Ref. mustsharenews.com