ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လို ကုသရမလဲဆိုတာ ဒီနေ့အချိန်ထိ နည်းလမ်း မတွေ့သေးပါဘူး။ ဒါပေမဲ့လည်း ကြိုတင် ကာကွယ်လို့တော့ ရနိုင်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမို ထိရောက်တယ်ဆိုတဲ့ စကားကလည်း ရှိပါတယ်။ ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ် မကူးစက်ခံရအောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။
လူအများစု သိကြတဲ့အတိုင်းပဲ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင် ပြန့်ပွားလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံ တချို့တွေကိုလည်း ကူးစက်ခဲ့ပါတယ်။ ရောဂါဖြစ်ပွားသူ ၃၀၀၀ နီးပါးရှိခဲ့ပြီ ဖြစ်ပေမယ့် ရောဂါပျောက်ကင်းသူကတော့ ဆယ်ဂဏန်းတောင် မရှိသေးပါဘူး။ ဒါကြောင့်လည်း အခုဖော်ပြပေးမယ့် အချက်တွေကို ရောဂါ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ တိတိကျကျ လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
ပထမဆုံး အရေးကြီးတဲ့ အချက်ကတော့ လက်ကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြောဖို့ပါ။ အိမ်သာသုံးပြီးတဲ့ အချိန်တိုင်းမှာ လက်ကို ပြောင်စင်အောင် ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောဖို့ လိုအပ်ပါတယ်။ အစားအသောက်တွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတဲ့နောက်မှာလည်း လက်ကို ပြောင်စင်အောင် ဆေးကြောဖို့ လိုအပ်သလို လူအများ စုဝေးရာ နေရာတွေကနေ ပြန်ရောက်ပြီးတိုင်းမှာလည်း လက်ကို ပြောင်စင်အောင် ဆေးကြောသင့်ပါတယ်။
နောက်အချက်ကတော့ အအေးမိ၊ တုပ်ကွေး လက္ခဏာ ရှိနေသူတွေနဲ့လည်း အနီးကပ် မနေသင့်ပါဘူး။ ချောင်းဆိုး၊ နှာချေတာကနေတဆင့်လည်း ကူးစက်တတ်တဲ့အတွက် အထူးသတိထားသင့်ပါတယ်။ အစားအစာတွေကိုလည်း ကျက်နေအောင် ချက်ပြုတ်ပြီးမှ စားသောက်သင့်ပါတယ်။ အသား၊ ဥ စတာတွေကနေတဆင့်လည်း ရောဂါကူးစက်နိုင်တဲ့အတွက် သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသောက်ပါ။
ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေကနေ တဆင့်လည်း ကူးစက်တတ်တဲ့အတွက် မွေးမြူရေး တိရစ္ဆာန်တွေကို ကိုင်တွယ်တဲ့ အခါမျိုးတွေမှာ အကာအကွယ် မပါဘဲ မကိုင်တွယ်သင့်ပါဘူး။ အိမ်မွေး တိရစ္ဆာန်တွေကိုကိုင်တွယ်တော့မယ့်ဆိုရင် လက်အိတ်လိုအရာမျိုး စွပ်ပြီးမှာသာ ကိုင်တွယ်သင့်ပါတယ်။ လူအုပ်ထဲ သွားတဲ့အခါမျိုးတွေမှာလည်း Face Mask အုပ်ပြီးမှ သွားလာသင့်ပါတယ်။ တကယ်လို့ ကိုယ်ဟာ နှာချေ၊ ချောင်းဆိုးဖြစ်နေသူဆိုရင်တော့ ပိုပြီး ဂရုစိုက်သင့်ပါတယ်။
နှာချေ၊ ချောင်းဆိုးတာတွေကနေတဆင့် တုပ်ကွေးရောဂါပိုး အပါအဝင် တခြားရောဂါပိုးတွေလည်း လေထဲရောက်ပြီး အသက်ရှူလမ်းကြောင်းကနေတဆင့် တိုက်ရိုက် ကူးစက်နိုင်သလို အရာဝတ္ထုတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်မိရာကနေလည်း ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့်လည်း တခုခုပြုလုပ်ပြီးတိုင်း လက်ကို သေချာဆေးဖို့ လိုအပ်ပါတယ်။
ရောဂါ ကာကွယ်ခြင်း နည်းလမ်းတွေထဲမှာ တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပြီး ဆောင်ရွက်သင့်သလို၊ ကောင်းစွာ အိပ်စက်အနားယူဖို့လည်း ပါဝင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန် လုပ်ပေးတာမျိုး၊ အာဟာရ ပြည့်ဝပြီး ကျက်အောင်ချက်ထားတဲ့ အစားအသောက်တွေကို စားသုံးပေးဖို့လည်း လိုအပ်ပါတယ်။ အခုပြောခဲ့တဲ့ အချက်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတွေပါ။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာကတော့ ကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ကျော်နေတာ၊ ချောင်းဆိုးပြီး လည်ချောင်းနာတာ၊ အသက်ရှူ ခက်ခဲတာမျိုးအပြင် ချမ်းပြီးတုန်နေတာ၊ ကိုယ်လက် နာကျင်ကိုက်ခဲတာမျိုးတွေပါ။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ကနေ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသည်တွေအနေနဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ စတဲ့ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာမျိုး လွန်ခဲ့တဲ့ ၁၄ ရက်က ဖြစ်ပွားခဲ့ဖူးရင်၊ ဒါမှမဟုတ် လက်ရှိအချိန်မှာ ဖြစ်နေရင် (သို့မဟုတ်) ပြန်ရောက်ပြီး ၁၄ ရက်အတွင်းဖြစ်နေရင် ကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းကြားပေးကြဖို့ အကြံပြုထားပါတယ်။
ဒီလိုအကြောင်းကြားပေးမှလည်း တခြားလူတွေကို ရောဂါကူးစက်တာမျိုး မဖြစ်အောင် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ မတွေ့သေးပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကာကွယ်ခြင်းနည်းလမ်းတွေကို အတတ်နိုင်ဆုံး လိုက်နာသင့်ပါတယ်။