တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီကနေ့အချိန်မှာတော့ ကမ္ဘာကို ခြိမ်းခြောက် နေတဲ့ ကပ်ရောဂါတခုဖြစ်နေပါပြီ။ ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ အနည်းဆုံး လူ ၁၃၂ ယောက် သေဆုံးခဲ့ရပြီး လူပေါင်း ၆၀၀၀ နီးပါးရောဂါကူးစက်ခံ နေရတယ်လို့ CNN သတင်းဌာနမှာ ဖော်ပြထား ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း သန်း ၆၀ နီးပါးကို တရုတ်အစိုးရက ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ် ဒုတိယအများဆုံးကူးစက်ခံနေရတာကတော့ ထိုင်းနိုင်ငံပါပဲ။ ဇန်နဝါရီ ၂၈ ရက်နေ့ က ထုတ်ပြန်ထားတဲ့ကြေညာချက်တွေအရ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ စုစုပေါင်းက ၁၄ ယောက် ရှိသွားပြီလို့ သိရပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့မှာတော့ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသား ၆ ယောက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ထပ်မံတွေ့ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကျန်းမာရေးအမြဲတမ်းအတွင်းရေးမှူးဖြစ်တဲ့ Sukhum Kanchanapimai ရဲ့ အပြောအရ ဆိုရင်တော့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထပ်မံတွေ့ ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူတွေဟာ အသက် ၆ နှစ် အသက် ၆၀ အတွင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီ ၆ ယောက်စလုံးဟာ တရုတ်နိုင်ငံ သားတွေဖြစ်ကြပြီး ဟူဘေးပြည်နယ်ကနေ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြသူတွေ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကနေ လာရောက်လည်ပတ် တဲ့သူတွေကို အထူးဂရုစိုက်ပြီး စောင့်ကြည့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေသူ ၁၄ ယောက်မှာ ၅ ယောက်ကို စနစ်တကျ ဆေးကုသ နိုင်ခဲ့တဲ့အတွက် ဆေးရုံကဆင်းသွားနိုင်ခဲ့ပြီး ၉ ယောက်ကိုတော့ ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ဒေါက်တာ Sukhum ကပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေကိုပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လာခဲ့ပေမယ့် အခုချိန်ထိတော့ လူသေဆုံးမှုမရှိသေးပါဘူး။ ထိုင်းနိုင်ငံအနေ နဲ့လည်း တရုတ်နိုင်ငံကလာရောက်တဲ့ ခရီးသွားတွေကို အထူးကြပ်မတ်ပြီး ရောဂါကူးစက်မှု ရှိ ၊ မရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ တရုတ်ခရီးသွားတွေကို ခရီးသွားလာခွင့် ယာယီပိတ်ပင်တာမျိုးတော့ အခုချိန်ထိမရှိ သေးပါဘူး။ တရုတ်နိုင်ငံမှာရှိနေတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးအစီအစဉ် တွေကို နှစ်ဖက်အစိုးရအနေနဲ့ ညှိနှိုင်းနေတယ်လို့သာ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကပြောကြားခဲ့ပါတယ်။
အခုချိန်ထိတော့ ဟူဘေးပြည်နယ် ၊ ဝူဟန်မြို့မှာရှိနေတဲ့ ထိုင်းနိုင်ငံသား ၆၄ ယောက်ရှိနေပြီး အားလုံးကျန်းကျန်းမာမာ ရှိနေတယ်လို့ သိရပါတယ်။
Ref:bangkokpost ,cnn
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဘယ်လို Mask မျိုး သုံးသင့်သလဲ
မလေးရှားနဲ့ မကာအိုမှာ ဟူဘေးပြည်နယ်က တရုတ်ခရီးသွားတွေ ဝင်ရောက်မှု ယာယီပိတ်ပင်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းများ