နေ့စဉ်ဘဝမှာ စမတ်ဖုန်းတွေရဲ့ အရေးပါမှုနဲ့ အသုံးပြုမှုဟာ မရှိမဖြစ်ဆိုတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနေတာဖြစ်ပြီး နေ့စဉ်ဘဝအတွက် အရေးပါတယ်ဆိုပေမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကတော့ ဒွန်တွဲနေတာ ဖြစ်ပါတယ်။ ဆေးပညာရှင်တွေရဲ့ သုတေသန လေ့လာမှုတွေအရ တနေ့ကို ၅နာရီနဲ့ ၅နာရီအထက် ဖုန်းအသုံးပြုခြင်းဟာ ကိုယ်အလေးချိန်မြင့်တက်လာမှုနဲ့ အဝလွန်နိုင်ခြေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။
လေ့လာသူတွေရဲ့ သုတေသနစစ်တမ်းတွေအရ တနေ့ကို ၅နာရီနဲ့အထက် ဖုန်းအသုံးပြုတာဟာ အဝလွန်နိုင်ခြေကို ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်တယ်လို့ ဖော်ပြထားတာဖြစ်ပြီး လူအများစုထင်သလို မျက်စိကျန်းမာရေးဆိုင်ရာ ကျန်းမာရေးပြဿနာတွေအပြင် တခြားသော ကျန်းမာရေးပြဿနာတွေနဲ့ပါ ဆက်စပ်နေတာဖြစ်ပါတယ်။
သုတေသီတွေ ဖော်ပြထားတဲ့ တနေ့ကို ၅နာရီနဲ့အထက် ဖုန်းအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ အဝလွန်နိုင်ခြေ ၄၃ ရာခိုင်နှုန်းဆိုတာဟာ အသင့်စားအစားအစာတွေ၊ ဆီကြော်မုန့််တွေနဲ့ သကြားဓာတ်ပါဝင်မှုများတဲ့ အားဖြည့်အချိုရည်တွေ သောက်သုံးခြင်းကြောင့် အဝလွန်နိုင်ခြေများတာထက် ၂ဆပိုများတယ်လို့လည်း သိရပါတယ်။
Columbia, Barranquilia မှာရှိတဲ့ Simon Bolivar တက္ကသိုလ်မှာ ပြုလုပ်တဲ့ လေ့လာချက်တွေအရ တနေ့ကို ၅နာရီနဲ့အထက် ဖုန်းအသုံးပြုတာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ အိပ်စက်ချိန်ကို အနှောင့်အယှက် ဖြစ်စေတာ ကြောင့် အဝလွန်နိုင်ခြေကို မြင့်တက်စေနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုကို ပြုလုပ်ဖို့အတွက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀၀ ကျော်ကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် ၆ လကျော်ကြာ လေ့လာစောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
လေ့လာစောင့်ကြည်မှုတွေအရ ဒီလေ့လာဆန်းစစ်မှုမှာ ပါဝင်ခဲ့သူ ၂၅ ရာခိုင်နှုန်းလောက်ဟာ ကိုယ်အလေးချိန် မြင့်တက်လာခဲ့ကြတာဖြစ်ပြီး တနေ့ကို ၅နာရီနဲ့အထက် ဖုန်းအသုံးပြုတာဟာ အဝလွန်နိုင်ခြင်းအပါအဝင် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ မြင့်တက်ခြင်း၊ နှလုံးရောဂါနဲ့ ဆီးချိုဖြစ်နိုင်ခြေတို့နဲ့ပါ ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာပါ။
Ref. www.dailymail.com
You may also like these stories:
ကျန်းမာရေးပြဿနာတွေအတွက် အသုံးဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်များ
ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာများ
ရာသီဥတုပြောင်းလဲမှုက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်စေနိုင်လဲ