အအေးမိဖျားနာဖြစ်တဲ့အခါမျိုးမှာ ဖြစ်ဖြစ်၊ အပူအအေးမမျှတတဲ့အခါမျိုးမှာဖြစ်ဖြစ် နှာစေးနှာပိတ်ခြင်းကို ခံစားရ တတ်ပါတယ်။ နှာခေါင်းပိတ်တာဟာ ဆိုးဆိုးရွားရွား ကျန်းမာရေးပြဿနာတမျိုးတော့ မဟုတ်ပေမယ့် အိပ်စက်နေချိန် မျိုးမှာဖြစ်ဖြစ်၊ အလုပ်လုပ်နေချိန်မျိုးမှာဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်စေပြီး ခံစားရခက်တဲ့ ဝေဒနာတမျိုးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် နှာစေးနှာပိတ်တဲ့အခါ အမြန်ဆုံးသက်သာစေနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။
(၁) မျက်ခုံး၂ခုကြားကို နှိပ်နယ်ပေးပါ
နှာစေးနှာပိတ်လို့ အိပ်မရတဲ့အခါမျိုးမှာ မျက်ခုံး၂ခုကြားက အလယ်တည့်တည့်နေရာကို လက်ချောင်းတွေအသုံးပြုကာ နှိပ်နယ်ပေးနိုင်ပါတယ်။ ဒီလိုနှိပ်နယ်ပေးခြင်းဟာ နှာခေါင်းပိတ်လို့ အသက်ရှုရခက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။
(၂) နှာခေါင်းတဝိုက်ကို နှိပ်နယ်ပေးပါ
နှာစေးနှာပိတ်တဲ့အခါ နှာခေါင်းတဝိုက်နဲ့ နှာသီးထိပ်ဖျားတဝိုက်ကို လက်ချောင်းတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန် အသာအယာ နှိပ်နယ်ပေးခြင်းက နှာစေးနှာပိတ်ခြင်းကို အလျင်အမြန်သက်သာစေနိုင်မှာ ဖြစ်ပါတယ်။
(၃) အဝတ်ခပ်နွေးနွေးလေးနဲ့ နှာခေါင်းကို အသာအယာ အုပ်ထားပါ
ရေခပ်နွေးနွေးထဲ ထည့်စိမ်ထားတဲ့ လက်ကိုင်ပုဝါသန့်သန့်နဲ့ နှာခေါင်းကို အသာအယာ အုပ်ထားပေးခြင်းကလည်း နှာစေးနှာပိတ်ခြင်းကို သက်သာစေနိုင်သလို အသက်ရှုရခက်ခဲခြင်းကို ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
(၄) ရေနွေးငွေ့ရှုရှိုက်ပေးတာမျိုး ပြုလုပ်ပေးပါ
နှာစေးနှာပိတ်ဖြစ်တဲ့အခါ မြန်မြန်ဆန်ဆန် သက်သာစေမယ့် နောက်ထပ်နည်းလမ်းတခုကတော့ ရေနွေးငွေ့ရှုရှိုက် ပေးတာပဲ ဖြစ်ပါတယ်။ ရေနွေးအဖြူ ခပ်နွေးနွေးလေးကို အဝကျယ်တဲ့ ပန်းကန်လုံးတလုံးထဲထည့်ပြီး ရေနွေးငွေ့ရှုရှိုက်ပေးခြင်းက နှာစေးနှာပိတ်ခြင်းကို အလျင်အမြန် သက်သာစေနိုင်မှာ ဖြစ်ပါတယ်။
Ref. www.brightside.me
You may also like these stories:
ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာစေတယ်လို့ ယူဆရ
တနေ့ကို ၅နာရီနဲ့အထက် ဖုန်းအသုံးပြုခြင်းဟာ အဝလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်
ကျန်းမာရေးပြဿနာတွေအတွက် အသုံးဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်များ