၂၀၁၉ ဒီဇင်ဘာလမှာ စတင်ပြီး ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် ကပ်ရောဂါအခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ကူးစက်မှုတွေ ရှိနေပြီး မြန်မာနိုင်ငံသားတွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါအတွင်းမှာ ဘယ်လို နေထိုင်သင့်တယ်ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) လူထုအပေါ် ပွင့်လင်းပါ
ကပ်ဘေးကို ရောက်နေတဲ့ အချိန်မှာ အစိုးရတာဝန်ရှိသူတွေအနေနဲ့ သတင်းထိမ်ချန်မှုတွေ ပြုလုပ်တာက ပိုပြီး အန္တရာယ် များပါတယ်။ ကောလာဟလနဲ့ သတင်းအမှားတွေက လူထုကို ပိုပြီး အကြောက်လွန်စေပါတယ်။ ဟောင်ကောင်၊ ကိုးရီးယားနဲ့ တရုတ်စတဲ့ နိုင်ငံတွေမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ချိန်ကစပြီး အောက်ခြေ လူတန်းစားတွေအထိ သတင်းကို ဖြန့်ချိရေးတွေ ထိထိရောက်ရောက် ပြုလုပ်ခဲ့တာမျိုးတွေကို အတုယူသင့်ပါတယ်။
(၂) လူစုလူဝေးကို ရှောင်ကြဉ်ပါ
ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ လူစုဝေးခြင်း မပြုလုပ်တာပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ခရီးသွားလာခြင်းတွေကို ပိတ်ပင်တားဆီးတာမျိုးတွေ ပြုလုပ်သင့်ပြီး ပြည်သူတွေ အနေနဲ့လည်း အပြင်ကို မဖြစ်မနေ သွားရမယ်ဆိုရင် အခြားသူတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းတွေ မလုပ်ဖို့လိုအပ်ပါတယ်။ သင်္ကြန်စတဲ့ လူစုဝေးမှု များပြားတဲ့ ပွဲလမ်းသဘင်တွေကို မပြုလုပ်တာက အကောင်းဆုံး ဖြစ်ပါတယ်။
(၃) စောစီးစွာ ကာကွယ်ပါ
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ပြီဆိုတဲ့ သတင်းတွေကို စပြီး ကြားရကတည်းက ဆေးရုံ ဆေးခန်းများနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပြင်ဆင်တာတွေ ပြုလုပ်သင့်ပါတယ်။ ထိုင်ဝမ်မှာဆိုရင် ရောဂါဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ကြားပြီးတဲ့ အချိန်ကစပြီး ကုတင် ၁၀၀၀ ဆေးရုံတွေကို ပြင်ဆင်တာနဲ့ ကာကွယ်ရေးပစ္စည်းတွေ အဆင်သင့်ပြင်တာမျိုးတွေ ရှိခဲ့ပါတယ်။
(၄) တကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ တကိုယ်ရည် သန့်ရှင်းမှုရှိအောင် နေဖို့ ဖြစ်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ ဆေးတဲ့အချိန်မှာ အနည်းဆုံး စက္ကန့် ၂၀ခန့် ကြာမြင့်အောင် ဆေးကြောဖို့ လိုအပ်ပါတယ်။ ချောင်းဆိုးတဲ့ အခါနဲ့ နှာချေတဲ့ အခါတွေမှာ အုပ်ထားကြဖို့နဲ့ မျက်စိ၊ နှုတ်ခမ်း စတဲ့ မျက်နှာ အစိတ်အပိုင်းတွေကို လက်နဲ့ မထိအောင် အတတ်နိုင်ဆုံး နေထိုင်ပါ။
(၅) စောစော စစ်ဆေးပါ
ရောဂါပျံ့နှံ့မှုတွေကို သိရှိနိုင်ဖို့ ဒေသအစိုးရတွေ အနေနဲ့ ကိုယ့်ပြည်နယ်အတွင်းမှာ နေထိုင်သူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ စောစီးစွာ စစ်ဆေးမှုမရှိတာတွေကြောင့် လိုအပ်တာထက်ပိုပြီး ရောဂါပျံ့နှံ့ခဲ့တဲ့ တောင်ကိုးရီးယား နိုင်ငံကို အတုယူသင့်ပါတယ်။ အပူချိန်တိုင်းတာတွေကို နေရာတိုင်းမှာ လွယ်ကူစွာပြုလုပ်နိုင်ဖို့ ကြိုတင်စီစဉ်မှုတွေ ပြုလုပ်သင့်ပါတယ်။
(၆) ဝန်ထမ်းများရဲ့ အလုပ်ချိန်ကို လွယ်ကူအောင် စီမံပေးပါ
ရောဂါပျံ့နှံ့မှုတွေ ရှိခဲ့တဲ့ အရှေ့တောင်အာရှက နိုင်ငံတွေမှာတော့ ဝန်ထမ်းတွေကို နေအိမ်မှ တဆင့် အလုပ်လုပ်ကိုင်မှုတွေကို ခွင့်ပြုထားပါတယ်။ ရုံးအချို့မှာဆိုရင် နေအိမ်မှာနေထိုင်ပြီး ကွန်ပျူတာနဲ့ အလုပ်လုပ်လည်း အဆင်ပြေတဲ့ ဝန်ထမ်းအားလုံးကို အိမ်မှတဆင့်သာ အလုပ်လုပ်ခွင့် ပေးထားပါတယ်။ အခြေခံလူတန်းစားပေါများတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာတော့ ဝန်ထမ်းရော၊ အလုပ်ရှင်ပါ အဆင်ပြေမယ့် နည်းလမ်းတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။
(၇) ကြောက်ပြီး ဈေးဝယ်တာတွေ မလုပ်ပါနဲ့
လူမှုကွန်ရက်စာမျက်နှာတွေမှာ တက်လာတဲ့သတင်းအမှားတွေကြောင့် ပြည်သူတွေအနေနဲ့ ကြောက်ရွံ့ပြီး ဈေးဝယ်တာတွေကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ရှိသွားခဲ့ပါတယ်။ ကြောက်လန့်ပြီး ဈေးဝယ်ကြတာမျိုးတွေကို ဟောင်ကောင်၊ စင်ကာပူနဲ့ အမေရိကန်နိုင်ငံတွေမှာလည်း လုပ်ခဲ့ကြတာ တွေ့ရပါတယ်။
အဲဒီလို မလိုအပ်ဘဲ ဝယ်ယူတဲ့ Panic Buying ကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်နိုင်ပြီး နောက်ပိုင်းမှာ လုယက်မှုစတဲ့ ရာဇဝတ်မှုတွေကို ဦးတည်စေနိုင်ပါတယ်။ မလိုအပ်သေးဘဲ ကြောက်စိတ်နဲ့ ကြိုတင်ဝယ်ယူမှုတွေကြောင့် လိုအပ်တဲ့အခါ ကုန်ပစ္စည်းပြတ်လပ်ပြီး အခြေခံလူတန်းစားတွေကို ဒုက္ခရောက်စေနိုင်ပါတယ်။
(၈) ရောဂါရှိသူတွေကို ခွဲခြားဆက်ဆံမှု မလုပ်ပါနဲ့
ရောဂါရှိတဲ့ သူတွေကို ခွဲခြားဆက်ဆံမှုမျိုးတွေ မလုပ်ဖို့လည်း လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။ ဗိုင်းရပ်စ်ဟာ လူတိုင်းကို ကူးစက်နိုင်တာကြောင့် ရောဂါကူးစက်သွားတဲ့ သူကို လေးစားမှုရှိခြင်းအားဖြင့် ခွဲခြားမဆက်ဆံဖို့ လိုအပ်ပါတယ်။ အမေရိကန်၊ အင်္ဂလန်နဲ့ သြစတြေးလျစတဲ့ နိုင်ငံတွေမှာ ရောဂါဖြစ်သူတွေကို ခွဲခြားဆက်ဆံတာတွေနဲ့ တရုတ်လူမျိုးတွေကို နှိမ်တာတွေကြောင့် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်နေတာကို အတုယူပြီး ရှောင်စရာရှိတာကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
Ref. CNN
You may also like these stories:
အီသီယိုးပီးယားမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အတည်ပြု
ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်သလဲ
အစ္စရေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၆ ယောက်အထိ ရှိလာ