အလုပ်မှာ တနေကုန် ပင်ပန်းလာတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ခရီးတွေထွက်ပြီး ခရီးပန်းလာတဲ့အခါမျိုးမှာဖြစ်ဖြစ် ခန္ဓာကိုယ်ကို ကောင်းမွန်စွာ အနားပေးသင့်ပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားရတဲ့အချိန်မျိုးမှာ အခုဖော်ပြပေးမယ့် အရာတွေ ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၁) ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးတာမျိုး မလုပ်သင့်ပါဘူး
ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေချိန်မျိုးမှာ တခုခု ဆုံးဖြတ်ချက်ချရမှာမျိုးတွေ၊ သေသေချာချာ စဉ်းစားပြီးမှ လုပ်ရမယ့် အလုပ်မျိုးတွေနဲ့ ဝေခွဲရခက်၊ စဉ်းစားရတာမျိုးတွေကို မပြုလုပ်သင့်ပါဘူး။ ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်နေချိန်မျိုးမှာ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးတာမျိုးတွေဟာ ပင်ပန်းနွမ်းနယ်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
(၂) ကဖင်းဓာတ်တဲ့ အရာများ ရှောင်ကြဉ်ပါ
လူတော်တော်များများဟာ ပင်ပန်းနွမ်းနယ်နေချိန်မျိုးမှာ ကော်ဖီသောက်တာ၊ ကဖင်းဓာတ် ပါဝင်မှု များတဲ့ အချိုရည်၊ အားဖြည့်အချိုရည် သောက်တာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ ဒီလို သောက်သုံးခြင်းဟာ ပင်ပန်းနွမ်းနယ်မှုကို ခဏသာ ပြေပျောက်စေနိုင်ပြီး ကိုယ်တွင်းရေဓာတ် ခမ်းခြောက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) နေ့လယ်ဘက် အချိန်အကြာကြီး အိပ်တာမျိုး ရှောင်ကြဉ်ပါ
ပင်ပန်းနေတဲ့အချိန် ခဏတဖြုတ် အိပ်စက်တာမျိုးက ကောင်းပေမယ့် တနေကုန် အချိန်အကြာကြီး အိပ်စက်တာကတော့ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်မှာ မဟုတ်ဘဲ အိပ်ရာက နိုးတဲ့အခါ ခေါင်းမကြည်မလင်ဖြစ်တာ၊ လေးလံထိုင်းမှိုင်းတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
(၄) အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာမျိုး ရှောင်ပါ
ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေချိန်မျိုးမှာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာ၊ အားကစားလုပ်တာ စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
(၅) အသင့်စား အစားအစာတွေ ရှောင်ကြဉ်ပါ
အသင့်စား အစားအစာတွေမှာ တာရှည်ခံ ဓာတုပစ္စည်းတွေ၊ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ဆီတွေ ပါဝင်တာကြောင့် ပင်ပန်းနေချိန်မျိုးမှာ အသင့်စား အစားအစာတွေအစား လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဖျော်ရည်နဲ့ ရေများများ သောက်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
Ref. www.thehealthy.com
You may also like these stories:
နွေရာသီမှာ ဆီးချို ဝေဒနာရှင်တွေ စားပေးသင့်တဲ့ အစားအစာများ
ကိုရိုနာဗိုင်းရပ်စ်အတွက် ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်သလဲ
နှာစေးနှာပိတ်ခြင်းကို ၁၅ မိနစ်အတွင်း သက်သာစေနိုင်မယ့် နည်းလမ်းကောင်းများ