ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ဆေးကို စမ်းသပ်ဖော်ထုတ်လျက်ရှိရာ အမေရိကန်နိုင်ငံမှ သုတေသီတွေက ပထမဆုံးအကြိမ် လူတွေမှာ စမ်းသပ်တော့မယ်လို့ ဆိုပါတယ်။ စတင် စမ်းသပ်ခံမယ့်သူတွေကတော့ ကျန်းမာရေးကောင်းတဲ့ ပရဟိတအဖွဲ့တွေ ဖြစ်ပါတယ်။
“ကျမတို့ အခုကစပြီး Team Coronavirus ဖြစ်သွားကြပြီ။ လူတိုင်းက ဒီလုပ်ငန်းစဉ်ကြီးမှာ သူတို့လုပ်နိုင်မယ့် ဘယ်အရာမဆို လုပ်ပေးချင်နေကြတယ်” လို့ စမ်းသပ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ Lisa Jacksons က ဆိုပါတယ်။
ရောဂါကာကွယ်ဆေးအတွက် ပထမဆုံးအကြိမ် စတင် အစမ်းသပ်ခံသူကတော့ နည်းပညာကုမ္ပဏီ တခုက လက်ထောက်မန်နေဂျာ Jennifer Haller ဖြစ်ပြီး နောက်ထပ် ၃ ယောက်နဲ့လည်း ထပ်မံ စမ်းသပ်သွားဖို့ ရှိပါတယ်။ နောက်လကစပြီး စာရင်းပေးထားသူတွေထဲက ၄၅ ယောက်လောက်ကို စမ်းသပ်သွားဖို့ ရှိပါတယ်။
“ကျမတို့အားလုံး ကူကယ်ရာမယ့် ဖြစ်နေချိန်မှာ ကူညီနိုင်မယ့် အကောင်းဆုံး အခွင့်အရေးပါပဲ” လို့ Jennifer Haller က ဆိုပါတယ်။ သူဟာ ဆယ်ကျော်သက်အရွယ် ကလေး၂ ယောက်ရဲ့ မိခင် ဖြစ်ပြီး မိသားစုကလည်း အခုလို စမ်းသပ်တာကို အားပေးပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကုသဆေးအတွက် စမ်းသပ်မှုအသစ်တွေ လုပ်နိုင်ခဲ့တယ်ဆိုပေမယ့် တကယ်တမ်း နိုင်ငံတကာမှာ အသုံးပြုနိုင်တဲ့အထိ ဈေးကွက်ထဲ ရောက်ဖို့ဆိုတာ ၁၂ လကနေ ၁၈ လအထိ ကြာမြင့်နိုင်ပါတယ်လို့ ဒေါက်တာ Anthony Fauci က ဆိုပါတယ်။
အားလုံးအတွက် ကာကွယ်ဆေးက အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေးအတွက် ဦးစားပေးဖြစ်လို့ ဖြစ်နိုင်သမျှ အောင်မြင်အောင် မြန်မြန်ဆန်ဆန် ဆောင်ရွက်သင့်တယ်လို့ ဒေါက်တာ Fauci က ဆိုပါတယ်။ အခုထွက်ပေါ် လာတဲ့ဆေးကတော့ မက်ဆန်ချူးဆက်ပြည်နယ်မှာ အခြေစိုက်တဲ့ Moderna Inc ဖြစ်ပြီး စမ်းသပ်မယ့် ကာကွယ်ဆေးမှာ ကိုရိုနာဗိုင်းရပ်စ် မပါလို့ စမ်းသပ်ခံမယ့် သူတွေကို ကူးစက်နိုင်ချေ မရှိဘူးလို့ ဆိုပါတယ်။
ဒါဟာ COVID-19 အတွက် ထွက်ပေါ်လာတဲ့ ကာကွယ်ဆေးတွေထဲမှာ ပထမဦးဆုံး မဟုတ်ပါဘူး။ နောက်ထပ် ဖြစ်နိုင်ချေရှိနေတဲ့ Inovio Pharmaceuticals ကနေလည်း အမေရိကန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ လေ့လာမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
စမ်းသပ်ခံမယ့် ပရဟိတ အဖွဲ့ဝင်တွေကို ကျန်းမာရေးကောင်းပြီး အသက် ၁၈ ကနေ ၅၅ နှစ်ကြား ရွေးချယ်ထားပါတယ်။ စမ်းသပ်မယ့်သူတွေရဲ့ သွေးနမူနာကို ယူထားပြီး ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကို အမြဲစောင့်ကြည့်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ စမ်းသပ် ထိုးပေးလိုက်မယ့် ကာကွယ်ဆေးက ကိုယ်ခံအားစနစ်ကို ဘယ်လိုပုံစံ ပြန်လည်ခုခံမလဲဆိုတာ စောင့်ကြည့်နေကြပါတယ်။
တခြား ပညာရှင်တချို့ကတော့ ကာကွယ်ဆေးဆိုတာ ဆိုးကျိုးတွေ နည်းနိုင်သမျှ လူသန်းနဲ့ချီကို အချိန်ယူပြီး စမ်းသပ်ရတာဖြစ်လို့ သတိပြုသင့်တယ်လို့ ဒေါက်တာ Nelson Micheal က ဆိုပါတယ်။ “သိပ္ပံပညာရှင်တွေက အချိန် ခဏလေးအတွင်းကို လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် ပထမအချက်ကတော့ အန္တရာယ်ကင်းဖို့ကို အရင် စဉ်းစားရမယ်”လို့ သူက ဆိုပါတယ်။
The Seattle သုတေသနအဖွဲ့ဟာ အရင်ကတည်းက အစိုးရနဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးတွေကို စမ်းသပ်ဖော်ထုတ်နေတာပါ။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် အများအပြား မကူးစက်ခင်ကတည်းက COVID-19 ကာကွယ်ဆေးအတွက် စမ်းသပ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Ref: LA Times
You may also like these stories:
မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာ ၁ ဦး သေဆုံး
ဆန်ဖရန်စစ္စကိုမြို့ကို ၃ ပတ်ကြာ အဝင်အထွက် ပိတ်မည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလေးရှား အစိုးရရုံးများ ပိတ်တော့မည်