မန္တလေး ကန်တော်နဒီ ဆေးရုံတွင် အဆုတ်ရောင်ရောဂါဖြင့် ယမန်နေ့က သေဆုံးသွားသော စောင့်ကြည့် လူနာ အမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် အစောပိုင်းက ထုတ်ပြန်ကြေညာသည်။
ထိုလူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက် အဖြေများအရ သေဆုံးရသည့် အကြောင်းအရင်းမှာ သွေးဆိပ် တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
၎င်းသည် တံတားဦးမြို့နယ်တွင်နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး လည်ချောင်း နာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်းစသည့် လက္ခဏာများဖြင့် တိုက်နယ်ဆေးရုံတွင် ကနဦး ဆေးကုသမှုခံယူခဲ့ကြောင်းသိရသည်။
သို့သော်လည်း မသက်သာသဖြင့် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ မတ်လ ၁၆ ရက်က ရောက်ရှိကာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်၍ မတ်လ ၁၇ ရက် နံနက် ၂ နာရီတွင် ကန်တော်နဒီဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူစေခဲ့သည်ဟု သိရသည်။
အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် နံနက် ၇ နာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်ရပ်ကြောင့် လူအများစိုးရိမ်မှုများရှိခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အမြန်ဆုံး စစ်ဆေး၍ အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါလူနာသည် မန္တလေး ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသော ဒုတိယမြောက်စောင့်ကြည့်လူနာဖြစ်ပြီး ပထမလူနာမှာ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ကာ ၎င်း၏ဆေးစစ်ချက် အဖြေတွင်လည်း ရောဂါပိုးမတွေ့ရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
လက်ရှိ မန္တလေးကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် တက်ရောက်ကာ လိုအပ်သောဆေးကုသမှုခံယူနေသူ ၉ ဦးရှိကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးက ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 သံသယလူနာ ၂ ဦး နှင့် စောင့်ကြည့်လူနာ ၁၃၁ ဦး ရှိသည့် အနက် ပိုးမတွေ့လူနာ ၁၂၃ ဦး ဓာတ်ခွဲစောင့်ဆိုင်းဆဲ ၁၀ ဦးရှိကြောင်း မတ်လ ၁၆ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။
တရုတ်နိုင်ငံမှ စတင် ဖြစ်ပွားခဲ့သည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) သည် ယနေ့အထိ ကမ္ဘာ့နိုင်ငံ ၁၅၉ နိုင်ငံ အထိ ပြန့်ပွားလျက် ရှိပြီး ကူးစက်ခံရသူ ၁ သိန်း ၈ သောင်းကျော်ရှိပြီး သေဆုံးသူ ၇၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်နေ့က သတ်မှတ်လိုက်ပြီ ဖြစ်သည်။
You may also like these stories:
မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာ ၁ ဦး သေဆုံး
မန္တလေးတွင် သေဆုံးသည့် စောင့်ကြည့် လူနာ ဆေးစစ်အဖြေ မနက်ဖြန်ရမည်
COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ