COVID-19 ရောဂါဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကူးစက်ပျံ့နှံ့အား ကောင်းနေသလို မြန်မာနိုင်ငံမှာလည်း ရောဂါပိုး တွေ့ရှိသူတွေ ရှိလာတာကြောင့် တော်တော်များများရဲ့ စိုးရိမ်စိတ်တွေကလည်း ရှိလာပါတယ်။
စူပါမားကတ်နဲ့ ဈေးဆိုင်တွေမှာ အခြေခံ စားသောက်ကုန်တွေ ဝယ်ယူ စုဆောင်းကြတာတွေ ရှိသလို ဒီအခြေအနေကြီးကို ကျော်လွှားနိုင်ပါ့မလားဆိုပြီး တွေးပြီး ရင်မောနေသူတွေလည်း ရှိပါတယ်။ ဒါကြေင့်မို့လို အခုလို COVID-19 ကာလမှာ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ပြင်ဆင်ထားသင့်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။
(၁) ခင်မင်ရတဲ့ မိတ်ဆွေတွေနဲ့ ဆက်သွယ် ဖုန်းပြောပါ
လူထူထပ်တဲ့ နေရာတွေ သွားတာ၊ လူချင်းတွေ့ဆုံ စကားပြောတာတွေက ရောဂါကူးစက်နိုင်ခြေ မြင့်တက်စေတာကြောင့် အိမ်မှာနေရင်း ခင်မင်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ Video Call ပြောတာ၊ ဖုန်းဆက်တာ၊ စာပို့တာမျိုးတွေ ပြုလုပ်ရင်း သူ့အမြင် ကိုယ့်အမြင်တွေ ဖလှယ်ရင်း စကားပြောဆိုနိုင်ပါတယ်။
(၂) ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါ
အခုအချိန်မှာ အလုပ်သင့်ဆုံးဖြစ်တဲ့ ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်စားသောက်တာ၊ အိပ်စက်တာ၊ လက်ခဏခဏ ဆေးတာမျိုးတွေကို ဂရုတစိုက် ပြုလုပ်သင့်ပါတယ်။
(၃) ကိုယ်ဝါသနာ ပါတာလေးတွေ ပြုလုပ်ကြည့်ပါ
အိမ်မှာနေရင်း ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာ၊ အပင်စိုက်တာ၊ တူရိယာ တခုခု တီးခတ်တာမျိုးတွေကို အနားယူရင်း ပြုလုပ်ခြင်းက လတ်တလော ဖြစ်နေတဲ့ အခြေအနေပေါ် စိုးရိမ်စိတ် လွန်ကဲနေတာတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
(၄) မိသားစုဝင်တွေကို အချိန်ပေးပါ
အလုပ်နဲ့ အိမ်နဲ့ပဲ အမြဲသွားလာနေရတဲ့အတွက် မိသားစုအပေါ် အချိန်မပေးနိုင်တာတွေကို အခုချိန်မှာ အတိုးချပြီး အချိန်ပေးနိုင်ပါပြီ။ အရင်က အကြောင်းလေးတွေ ပြန်ပြောတာ၊ မိသားစုဝင်တွေနဲ့ တခုခုလုပ်စားဖို့ တိုင်ပင်တာ စတာလေးတွေ ပြုလုပ်ခြင်းအားဖြင့် စိုးရိမ်စိတ်တွေကို လျော့ပါးစေမှာပါ။
(၅) သတင်းတွေ အမြဲကြည့်နေတာမျိုးတွေကို လျှော့ကြည့်ပါ
ဒီအခြေအနေမှာ သတင်းတွေ အဆက်မပြတ် ကြည့်ရှုတာမျိုးက ကောင်းပေမယ့် တချိန်လုံး အွန်လိုင်းက သတင်းတွေကို မျက်ခြည်မပြတ် ကြည့်ရှုတာမျိုးက သင့်ကို စိုးရိမ်စိတ်တွေ ပိုများလာစေနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက တင်တာမျိုးတွေကိုသာ ဖတ်ရှုသင့်ပြီး တွေ့သမျှ၊ တင်သမျှတွေကို လိုက်လံ ဖတ်ရှုတာမျိုးကိုတော့ လျှော့ချသင့်ပါတယ်။
Ref. www.who.int
You may also like these stories:
ထိုင်းမှာ နေ့စဉ် လူ ၁၀၀ ကျော် COVID-19 ကူးစက်ခံနေရ
မလေးရှားနိုင်ငံအား Lockdown ပြုလုပ်မှု ဧပြီလလယ်အထိ တိုးမြင့်ထား
အများပြည်သူသုံးယာဉ် အားလုံးကို ပိုးသတ်ဆေးဖြန်းမယ့် ချက်သမ္မတနိုင်ငံ