အမေရိကန်ရေတပ်ရဲ့ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံသင်္ဘောတွေဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် သေဆုံးသူ မြင့်တက်နေတဲ့ လော့အိန်ဂျလစ်စ်မြို့ကို ကူညီဖို့ ရောက်ရှိလာပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင်ကာ ရောဂါကူးစက်မှု မြင့်တက်ပြီး သေဆုံးမှုနှုန်း မြန်ဆန်ခဲ့တဲ့ အမေရိကန်နိုင်ငံအတွင်းမှာ သွားလာခွင့်တွေကိုလည်း ပိတ်ထားပြီလို့ သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန် ရေတပ်ရဲ့ ကုတင် ၁၀၀၀ ဆံ့ ရေတပ်ဆေးရုံ သင်္ဘောများကို လော့စ်အိန်ဂျလစ်စ်မြို့နဲ့ နယူးယောက်မြို့တို့ကို သွားရောက် ကူညီဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
လော့စ်အိန်ဂျလစ်စ်မြို့ကို စေလွှတ်တဲ့ သင်္ဘော Mercy မှာ ဆေးတပ်သား ၉၀၀ ကျော် ပါရှိပြီး ရောဂါ ကူးစက်ခံထားရသူများကို ကူညီနိုင်ဖို့ မိခင်ဆိပ်ကမ်းဖြစ်တဲ့ ဆန်ဒီရေကိုမြို့ကနေ တနင်္လာနေ့က စတင်ထွက်ခွာလာတာဖြစ်ပြီး နယူးယောက်ကို သွားမယ့် Comfort သင်္ဘောကတော့ မိခင်ဆိပ်ကမ်းဖြစ်တဲ့ နော့်ဖို့ဒ်ကနေ စနေနေ့က ထွက်ခွာသွားတာ ဖြစ်ပါတယ်။
ယခင်က ဆီတင်တဲ့ သင်္ဘောများကို ဆေးရုံသင်္ဘောအဖြစ် အသွင်ပြောင်းခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ လူနာ ၁၀၀၀ ကို ထားနိုင်တဲ့အပြင် သင်္ဘောဟာ ဘောလုံးကွင်း ၃ ကွင်းစာ ကျယ်ပြီး ၁၀ ထပ်တိုက်လောက်မြင့်တာကြောင့် ကမ္ဘာ့အကြီးဆုံး ဆေးရုံသင်္ဘောလို့ ဆိုနိုင်ပါတယ်။
သွားရောက် ကူညီမယ့် သင်္ဘော ၂ စီးလုံးမှာ လေယာဉ်ဆင်းဖို့ နေရာပါရှိတာကြောင့် လေယာဉ်နဲ့ ပို့ဆောင်ပေးမယ့် အရေးပေါ် လူနာများအတွက်လည်း အဆင်ပြေတယ်လို့ သိရပါတယ်။ သင်္ဘောများမှာ ပစ္စည်းကိရိယာ စုံလင်တဲ့ ခွဲစိတ်ခန်း ၁၂ ခန်း၊ သွေးလှူဘဏ် ၁ ခန်း၊ ဓာတ်ခွဲခန်း ၁ ခန်းနဲ့ ဆေးပေးခန်း ၁ ခန်းစီ ပါဝင်ပြီး အမေရိကန်ရဲ့ အကြီးဆုံးဆေးရုံတွေလို အလုပ်လုပ်နိုင်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားမှုတွေ ဖြစ်ပြီးနောက် နယူးယောက်မြို့နဲ့ လော့စ်အိန်ဂျလစ်စ်မြို့တို့ဟာ သေဆုံးမှု အများဆုံးမြို့များ ဖြစ်ခဲ့တယ်လို့ လော့စ်အိန်ဂျလစ်စ် မြို့တော်ဝန် Eric Garcetti က ပြောဆိုခဲ့ပါတယ်။
Ref. cnbc.com
You may also like these stories:
အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း လူ ၅၀၀ ကျော် သေဆုံး