လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပိုမိုများပြားတယ်လို့ ဆေးပညာရှင်တွေနဲ့ လေ့လာသူတွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ သိရပါတယ်။
ကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်နေတဲ့ အီတလီနိုင်ငံမှာဆိုရင်လည်း ရောဂါပိုးတွေ့ရှိသူ အမျိုးသားဦးရေ ၇၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့ကြတာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ရောဂါပိုးတွေ့ရှိသူနဲ့ သေဆုံးသူတွေဟာ အမျိုးသားဦးရေက ပိုများကြောင်း National health institute ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
WHO က ထုတ်ပြန်တဲ့ စာရင်းတွေအရဆိုရင်လည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ အမျိုးသားတွေဟာ ၄.၇ ရာခိုင်နှုန်းအထိ ကူးစက်ခံနေရပေမယ့် အမျိုးသမီးတွေကတော့ ၂.၈ ရာခိုင်နှုန်းသာ ကူးစက်ခံနေရတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံ ရမှုကြောင့် သေဆုံးမှုနှုန်းကို စစ်တမ်းကောက်ယူတဲ့အခါမှာဆိုရင်လည်း အမျိုးသမီးတွေရဲ့ ကူးစက်ခံရမှုနဲ့ သေဆုံးမှုနှုန်းဟာ အမျိုးသားတွေထက် နည်းပါးတာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းနဲ့ သေဆုံးမှုဦးရေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် များပြားနေရခြင်းရဲ့ အကြောင်းရင်းကတော့ အရက်သေစာ သောက်သုံးမှု၊ ဆေးလိပ်သောက်သုံးမှုတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေဖြစ်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ် ကွာခြားရခြင်းတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ပြောဆိုထားကြပါတယ်။
ဒီလိုအရက်သေစာနဲ့ ဆေးလိပ်သောက်သုံးမှုတွေဟာ နှလုံးရောဂါအပါအဝင် အဆုတ်ကျန်းမာရေးပြဿနာနဲ့ ဆီးချိုရောဂါစတာတွေကို ပိုမိုဖြစ်ပေါ်စေပြီး ရောဂါကူးစက်ခံရနှုန်း မြင့်တက်စေတာလည်း ဖြစ်ပါတယ်။
လေ့လာချက်တွေအရ ကုန်လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ SARS ရောဂါတုန်းကဆိုရင်လည်း ရောဂါကူးစက်ခံရနှုန်းနဲ့ သေဆုံးမှုနှုန်းမှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ပိုမိုများပြားခဲ့တာ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင်လည်း ကျား၊မ မရွေးမှာ ဖြစ်ပေါ်နိုင်တာဖြစ်ပြီး အခုလေ့လာဆန်းစစ်မှုဟာ သေဆုံးသူဦးရေနဲ့ ရောဂါဖြစ်ပွားနိုင်ခြေ များခြင်း၊ မများခြင်းကို လေ့လာရင်း တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
Ref. www.cnn.com
You may also like these stories:
COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ
ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း