ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်လူရွယ်တွေကိုလည်း COVID-19 ရောဂါ ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) က ထပ်မံ သတိပေးလိုက်ပါတယ်။
ယခု ရက်ပိုင်းအတွင်း နိုင်ငံအချို့မှာမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးငယ် သေဆုံးမှုတွေ ရှိလာတာကြောင့် အခုလို ထပ်မံ သတိပေးတာလို့ သိရပါတယ်။
“COVID-19 က အသက်အရွယ်ကြီးသူတွေမှာပဲ ကူးစက်ဖြစ်ပွားတယ်ဆိုတဲ့ အယူအဆက တကယ်တော့ မှားယွင်းပါတယ်”လို့ WHO ရဲ့ ဥရောပရုံးခွဲ အကြီးအကဲ Hans Kluge က အွန်လိုင်းက တဆင့် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ရောဂါပြင်းထန်မှုဟာ အသက်အရွယ်ပေါ်မှာသာ မူတည်နေခြင်း မဟုတ်ကြောင်းကို Kluge က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ရောဂါပြင်းထန်မှုကို ဆယ်ကျော်သက်တွေနဲ့ လူငယ်လူရွယ်တွေမှာလည်း တွေ့ရှိခဲ့ရပြီး အချို့ဟာ အထူးကြပ်မတ်ကုသမှု လိုအပ်သလို သေဆုံးမှုအချို့လည်း ရှိခဲ့တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရောဂါကူးစက်ခံရသူများထဲမှ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်လ်ဂျီယံမှာ သေဆုံးခဲ့ပါတယ်။ အမေရိကန်မှာလည်း အသက် ၆ ပတ်အရွယ် ကလေးတဦး ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အသက် ၅၀ နှစ်အောက် အရွယ်တွေထဲက ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ ပြင်းထန်မှု ရှိတယ်လို့ WHO က ပြောထားပါတယ်။
အသက်အရွယ်ကြီးပေမဲ့ ကျန်းမာသူတွေဟာ ရောဂါပြင်းထန်မှု အန္တရာယ် နည်းပါးတယ်လို့ သိရပါတယ်။ “အသက် ၁၀၀ ကျော်အရွယ်တွေ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ခဲ့ရပေမဲ့ လုံးဝ ပြန်ကောင်းသွားခဲ့တာ ရှိပါတယ်” လို့ Kluge က ပြောပါတယ်။
အသက်အရွယ် အုပ်စုတိုင်းဟာ တကိုယ်ရည်သန့်ရှင်းရေး လမ်းညွှန်ချက်တွေကို အလေးထားကြရန် အလွန်အရေးကြီးကြောင်းနဲ့ ကိုယ်ခံအားကောင်းအောင် နေထိုင်သင့်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အဓိက အကြံပြုထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ Covid19 ကူးစက်ခံရသူ ၂၀ ဦးရှိပြီဖြစ်ပြီး ဧပြီလ ၂ရက်နေ့က ထုတ်ပြန်ချက်မှာ ရောဂါဖြစ်ပွားသူများအတွင်း အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်များ ပါရှိတာကြောင့် မိဘများအနေနဲ့ ကလေးငယ်များရဲ့ တကိုယ်ရည် သန့်ရှင်းရေးကိုလည်း အထူးဂရုပြုသင့်ကြောင်း အကြံပေးလိုပါတယ်။
Ref. NYtimes
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သန်း ကျော်ပြီ
ဒီအရာတွေကို ထိတွေ့ ကိုင်တွယ်ပြီးတာနဲ့ ချက်ချင်းလက်ဆေးသင့်
သွားလာလှုပ်ရှားမှု ထိန်းချုပ်မိန့်ကို ချိုးဖောက်သူများအား မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး