Health

ကိုဗစ် သက်သာသွားသူတွေမှာ ရောဂါလက္ခဏာ ပြန်တွေ့နေရ

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာအဖြစ်ကနေ သက်သာသွားပြီးမှ ရောဂါပြန်လည် ဖြစ်ပွားနေတာတွေ ရှိနေတယ်လို့ ကိုရီးယားရောဂါထိန်းချုပ်ရေးဌာန (KCDC) က ပြောကြားလိုက်ပါတယ်။ ပျောက်ကင်းသွားပြီလို့ သတ်မှတ်ပြီးကာမှ ဆေးပြန်စစ်ကြည့်တဲ့အခါ Positive ဖြစ်နေတာကို တွေ့ခဲ့ကြတာပါ။

KCDC ရဲ့ ပြောကြားချက်အရ Negative ဖြစ်ပြီးလူနာတွေကို ဆေးပြန်စစ်ကြည့်တဲ့အခါ သက်သာသွားတဲ့ထဲက ၅၁ ယောက်မှာ Positive ဖြစ်နေတာကို တွေ့ခဲ့ရတာပါ။ ပြန်လည် ကူးစက်ခံရတယ်ဆိုတာထက် စောင့်ကြည့်ကာလအပြီး ပြန်လည် စစ်ကြည့်စဉ်မှာ Positive ရလဒ်ကို ပြန်ပြနေခဲ့တာလို့ KCDC ညွှန်ကြားရေးမှူးချုပ် Jeong Eun Kyeong က ဆိုပါတယ်။

“ပျောက်ပြီးပြီလို့ ယူဆပြီးကာမှ ရောဂါပြန်ပေါ်တဲ့ ကိစ္စရပ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုအပ်နေပါပြီ။ Negative လို့ ပြပြီးကာမှ တရက်ပဲကြာတယ်။ Positive ပြန်ပြတဲ့ လူနာတွေ အများကြီး တွေ့လာရတယ်”လို့ သူက ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေဟာ ၂ ကြိမ်တိတိ Negative ပြထားပြီးလို့ ပြန်လည် သက်သာလာသူတွေပါ။

ကိုရီးယား ရောဂါထိန်းချုပ်ရေးဌာနကလည်း အဆိုပါ ဖြစ်စဉ်တွေကို ဦးစီးဦးဆောင်ပြုပြီး လေ့လာမှုပြုသွားမယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ တခြားနိုင်ငံတွေထက် အချိန်စောပြီး ကူးစက်မှုနှုန်းမြင့်မားခဲ့တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်ကစလို့ ကူးစက်ခံလူနာ ၁,၁၈၉ ကနေ ၁၀,၀၀၀ ကျော်ထိ ကူးစက်မှုနှုန်း မြင့်မားခဲ့ပေမယ့် သေဆုံးသူကတော့ ၂၀၀ ကျော်ချိန်မှာ စတင်လျော့နည်းလာပါပြီ။ ကိုရီးယားနိုင်ငံဟာ တခြားနိုင်ငံတွေလို စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေ သွားလာခွင့်ကို ကန့်သတ် ပိတ်ဆို့မှုတွေ မလုပ်ဘဲ လူများများ ရောဂါရှိ၊ မရှိ စစ်နိုင်မယ့် နည်းလမ်းကို အသုံးပြုခဲ့ကြတာပါ။

မနှစ်က ဒီဇင်ဘာမှာ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာလည်း လူနာတော်တော်များများ သက်သာလာတာကြောင့် ဆေးရုံကဆင်းတဲ့သူတွေ ရှိသလို၊ ရောဂါကူးစက်ခံရလို့ သေဆုံးသူတွေလည်း ရှိနေဆဲပါ။ ဒါ့အပြင် သက်သာပြီးမှ Positive ပြန်ဖြစ်သူတွေလည်း ရှိနေပြန်ပါတယ်။ တချို့တွေကတော့ အခုလို Negative ပြပြီးမှ Positive ပြန်ပြနေတာဟာ စစ်တဲ့နေရာမှာ ကွဲလွဲမှုတွေ ရှိနေတာကြောင့်လို့ ယူဆနေပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်ချက်အရ ကူးစက်ခံလူနာ ၁၀,၃၈၄ ယောက်ထဲက ၆,၇၇၆ ယောက် သက်သာပျောက်ကင်းသွားပြီလို့ ဆိုပါတယ်။ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေကလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။

Ref: Bloomberg

You may also like these stories:

ဗြိတိန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ တရက်အတွင်း ၉၀၀ ကျော် ရှိလာ

ကိုဗစ် ပျောက်အောင် Dettol သောက်ပြီး လူသေဆုံးတဲ့ သတင်းက သတင်းတုဟု ဆို

COVID-19 ကူးစက်မှု မြင့်တက်နေတဲ့ နိုင်ငံများမှ အစားအစာ တင်သွင်းခွင့် နီပေါအစိုးရ ပိတ်ပင်

Loading