တရုတ်သိပ္ပံ အကယ်ဒမီက ဧပြီလ ၉ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို အချိန်တိုအတွင်း စစ်ဆေးနိုင်မယ့် Test kits အသစ်တွေ အကြောင်းကို ကြေညာလိုက်ပါတယ်။ Jiangsu ဒေသ၊ Suzhou က ဇီဝဆေးပညာအဖွဲ့အစည်းဟာ ၄၅ မိနစ်အတွင်း သိနိုင်မယ့် Test kit တွေကို စမ်းသပ် ထုတ်လုပ်ခဲ့တာပါ။
အဆိုပါ စမ်းသပ်လေ့လာရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝမ်က ဇန်နဝါရီလကစလို့ အချိန်တိုအတွင်း အဖြေ ဖော်ထုတ်နိုင်မယ့် Test kit ကို စတင်လေ့လာခဲ့တာဖြစ်ပြီး နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဟူဘေးပြည်နယ်မှာ အသုံးပြုခဲ့ရာ အကျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။
အချိန်တိုအတွင်း စစ်ဆေးနိုင်မယ့် Test kit တွေဟာ နှာခေါင်းတို့ပတ် (သို့မဟုတ်) အာခေါင်တို့ပတ် ယူတဲ့အခါ ၂၀ မိုက်ခရိုလီတာလောက်နဲ့ ကူးစက်ခံရမှု ရှိ၊ မရှိ ရလဒ်ပြနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Test machine တခုကို တနာရီ ၆၀ နီပါးလောက် စစ်ဆေးနိုင်ပါတယ်။
အဆိုပါ Test kit အသစ်ကို လူနာ ၆၀၀ မှာ စမ်းသပ်ခဲ့ပြီးဖြစ်ပြီး ၉၉ ရာခိုင်နှုန်းလောက် မှန်ကန် တိကျမှု ရှိခဲ့ပါတယ်။ ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ကုလသမဂ္ဂဖွံ့ဖြို့ရေးအစီအစဉ်မှ တရုတ်နိုင်ငံအခြေစိုက် ကိုယ်စားလှယ် Bete Trankmann က တရုတ်နိုင်ငံဟာ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ နိုင်ငံခြားကို တင်ပို့ခွင့်ပေးနေတဲ့ နိုင်ငံတချို့မှာ ပါဝင်နေသလို ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေရတဲ့ နိုင်ငံတွေဆီကိုလည်း ထောက်ပံ့မှုတွေ ပေးအပ်နေတယ်လို့ ဆိုပါတယ်။
“တရုတ်နိုင်ငံဘက်က အပြန်အလှန် ကူညီပေးနေတာတွေကို လေးစားမိပါတယ်။ ဒီရောဂါကပ်ကြီး စဖြစ်တော့ နိုင်ငံတကာက လာကူညီပေးခဲ့သလို အခုလည်း သူတို့ဘက်က လိုအပ်နေတဲ့နေရာတွေကို သွားရောက် ကူညီပေးနေတယ်” လို့ ဆိုပါတယ်။
တရုတ်အစိုးရဘက်ကလည်း Test kit များ ဒီ့ထက်ပိုပြီး အဆင့်မြင့်တင်နိုင်အောင် ကြိုးပမ်းနေပါတယ်။ ဒေါက်တာ ဝမ်တို့ စမ်းသပ်တီထွင်ခဲ့တဲ့ အဆိုပါ Test kit ဟာ ရေခဲခြောက် အပူချိန် ၇၈ ဒီဂရီ ဆဲလ်စီးယပ် ထည့်ထားတဲ့ ပုံးနဲ့ အအေးခံပြီးမှ သယ်ဆောင်လို့ရပါတယ်။
ဒါကြောင့်လည်း ရှန်ဟိုင်း ဇီဝနည်းပညာ ကုမ္ပဏီမှ ကြီးကြပ်ရေးမှူး မစ္စတာ Zhou Yan ကတော့ တနေရာကနေ တနေရာ သယ်ဆောင်တဲ့အခါ အထူးသဖြင့် လေယာဉ်နဲ့ သယ်ပေးနိုင်ဖို့အတွက် သယ်ပို့ရေးလုပ်ငန်းအနည်းစုပဲ လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ ရေခဲခြောက်တွေဟာ ပြင်ပအပူချိန်ရောက်သွားရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်နိုင်တဲ့အတွက် အထူးသတိပြု သိမ်းဆည်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: China Daily