အောက်စ်ဖို့တက္ကသိုလ်မှာ သိပ္ပံပညာရှင်အဖွဲ့က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ကို လူတွေမှာထိုးနှံစမ်းသပ်မှုများ ဧပြီ ၂၃ ရက်နေ့မှာ စတင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ဧပြီ ၂၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
စမ်းသပ်မှုများ အောင်မြင်ပါက သန်းနဲ့ချီတဲ့ COVID-19 ကာကွယ်ဆေးတွေကို ဆောင်းဦးရာသီမှာ ရရှိနိုင်ကြောင်း ကာကွယ်ဆေးထုတ်လုပ်ခဲ့တဲ့ အောက်စ်ဖို့တက္ကသိုလ် သိပ္ပံပညာရှင်အဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောပါတယ်။ လူတွေမှာ ကာကွယ်ဆေးစမ်းသပ်မှု အောင်မြင်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိကြောင်းလည်း အဲဒီအဖွဲ့က ဆိုပါတယ်။
အောက်စ်ဖို့တက္ကသိုလ်မှ ကာကွယ်ဆေးကျွမ်းကျင်သူတွေရဲ့ အဆိုအရ ChAdOx1 nCoV-19 လို့ အမည်ပေးထားတဲ့ ဒီကာကွယ်ဆေးကို အစောဆုံး စက်တင်ဘာလမှာ စတင်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ကာကွယ်ဆေးစမ်းသပ်မှု အစီအစဉ်အရ မိမိသဘောဆန္ဒအရ ပါဝင်စမ်းသပ်ခံမယ့် အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားအရွယ်ရှိသူ လူ ၅၁၀ ကို စမ်းသပ်ထိုးနှံသွားမယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် ထိရောက်မှုရှိတဲ့ ကာကွယ်ဆေး ၁ မျိုးကို လက်တွေ့အသုံးပြုနိုင်ရန် ၁၈ လအထိ ကြာမြင့်လေ့ရှိတယ်လို့ သိရပါတယ်။
ကာကွယ်ဆေးစမ်းသပ်နိုင်ဖို့အတွက် အောက်စ်ဖို့တက္ကသိုလ်မှ အဖွဲ့ကို ပေါင်စတာလင် သန်း ၂၀ ထောက်ပံ့ ပေးထားခဲ့ကြောင်းနဲ့ Imperial College London မှ သုတေသီတွေကိုလည်း နောက်ထပ် ပေါင်စတာလင် ၂၂ ဒဿမ ၅ သန်း ထောက်ပံ့ပေးထားကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးက အမှတ် ၁၀၊ ဒေါင်းနင်းလမ်းမှာ ပြုလုပ်ခဲ့တဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီး Matt Hancockကလည်း “သိပ္ပံပညာရှင်အဖွဲ့က စမ်းသပ်မှုလုပ်ငန်းစဉ်ကို Medicines and Healthcare Regulatory Agency (MHRA) နဲ့အတူ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအကျိုးရလဒ်အရ အောက်ဖို့စ်တက္ကသိုလ်မှ ကာကွယ်ဆေးကို လူတွေမှာ အခုလာမယ့် ကြာသတေးနေ့ကစပြီး စမ်းသပ်သွားမယ်လို့ ကျနော် ကြေညာနိုင်ပါပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ ဗြိတိန်ဟာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုမြင့်နေတဲ့ နိုင်ငံထဲမှာ ပါဝင်နေပြီး နိုင်ငံတွင်းပိတ်ဆို့မှုများကိုလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Ref. deccanherald, AFP
You may also like these stories:
အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း သေဆုံးသူ ၂၀၀၀ နီးပါး မြင့်တက်
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုရှိနေပေမယ့် ကိုရီးယားမှာ ရုပ်ရှင်အသစ်တွေ ပြဖို့ရှိနေ