Health

မြန်မာနှင့် ကပ်ရောဂါ

ကမ္ဘာကြီးမှာ ကပ်ရောဂါမျိုးစုံကို ဖြတ်သန်းခဲ့ဖူးရတာ ဖြစ်ပါတယ်။ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ တီဘီရောဂါ၊ တုပ်ကွေးရောဂါ၊ ကျောက်ရောဂါ၊ ၂၀ ရာစုမှာတော့ HIV/AIDS စတဲ့ လူပေါင်းများစွာရဲ့ အသက်ကို ဆုံးရှုံးခဲ့ရတဲ့ ကပ်ရောဂါဘေးတွေ ကြုံခဲ့ရပါတယ်။ အခုတော့ ကိုဗစ်-၁၉ ကပ်ရောဂါကို ကြုံတွေ့ ခံစားနေရပါပြီ။

၁၉၁၈ မှာ ဖြစ်ပွားခဲ့တဲ့ “Spanish Flu” လို့ လူသိများတဲ့ တုပ်ကွေးရောဂါဟာလည်း လူသန်းပေါင်းများစွာကို သေကြေပျက်စီးစေခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ သန်း ၅၀၀ ခန့်ဟာ ဒီတုပ်ကွေးရောဂါရဲ့ ကူးစက်မှုဒဏ်ကို ခံခဲ့ရပြီး လူသန်းပေါင်း ၅၀ ကျော်ခန့် သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ တနိုင်ငံထဲမှာ သေဆုံးသူပေါင်း ၆၇၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ “Spanish Flu” ကို နောက်ပိုင်းမှာ H1N1 အဖြစ် ခေါ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ တီဘီ၊ ကျောက်ရောဂါ၊ တုပ်ကွေး ကပ်ရောဂါတို့ကြောင့် သေဆုံးခဲ့ရသူတွေ မနည်းပါဘူး။ ဗြိတိသျှနယ်ချဲ့တွေ အုပ်စိုးနေတဲ့ ခေတ်ကာလမှာ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ပလိပ်ရောဂါကြောင့် ၁၉၀၆ ခုနှစ်မှာ သေဆုံးခဲ့သူပေါင်း ၈,၆၀၀ ကျော်တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

၁၉၁၈ မှာတော့ “Spanish Flu” ကူးစက်တဲ့အခါမှာ အိန္ဒိယနိုင်ငံမှာ လူပေါင်း ၁၀ သန်းကနေ သန်း ၂၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က မြန်မာဟာ British India ရဲ့ လက်အောက်ခံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီအချိန်က ၆ သောင်းခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီ ကပ်ရောဂါဆိုးတွေဟာ နိုင်ငံအချင်းချင်း ကုန်ကူးသန်းမှုကြောင့်၊ လူတွေ ရွှေ့ပြောင်းနေထိုင်မှုတွေကြောင့်လည်း ပိုမိုပြီး ကူးစက်ခဲ့တာဖြစ်သလို ဗြိတိသျှခေတ်မှာ မြန်မာနိုင်ငံတွင်းကို သွင်းလာတဲ့ အလုပ်သမားတွေဆီကလည်း ကူးစက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီ ကပ်ရောဂါ၊ ကူးစက်ရောဂါတွေကို ကာကွယ်ဖို့အတွက် ရောဂါ ကာကွယ်ဆေးတွေကို ထိုးပေးဖို့အတွက် ဗြိတိသျှအာဏာပိုင်တွေက မြန်မာနိုင်ငံအတွင်းမှာ စီမံခဲ့ရတာ ဖြစ်ပါတယ်။

အရင်ကဆိုရင်တော့ ဒီကပ်ရောဂါတွေ၊ ကူးစက်ရောဂါဒဏ်တွေကို ခံစားနေရတဲ့ မြန်မာတွေ ကျန်းမာရေး စောင့်ရှောက်မှုကတော့ တိုင်းရင်းဆေး၊ ဗိန္ဒောဆေးပဲဖြစ်ပြီး အနောက်နိုင်ငံက ဆေးတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသေးတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံက ကူးစက်ရောဂါတွေ အကြောင်းကို မှတ်တမ်းပြုစု ရေးသားခဲ့သူကတော့ Judith L. Richell ဖြစ်ပြီး စာအုပ်အမည်ကတော့ “Disease and Demography in Colonial Burma” လို့ အမည်ရပါတယ်။ ၁၈၅၂ ခုကနေ ၁၉၄၁ ကာလအတွင်းက ကူးစက်ရောဂါ အကြောင်းတွေကို မှတ်တမ်းတင် ရေးသားထားတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀၀၆ ခုနှစ်မှာ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ Online မှာလည်း ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်။

စာအုပ်ရဲ့ အဆိုအရ အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးဖို့ လုပ်တဲ့အခါမှာ ၁၉၁၃ ခု မှာ ဆေးထိုးဆရာ ဆရာမပေါင်း ၂၇၈ ယောက် ရှိပြီး မြို့ပေါ်နဲ့ နယ်တွေမှာ ရှိတယ်လို့ သိရပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ မပါပါဘူး။

တီဘီရောဂါပိုးကတော့ ၁၉၁၉ မှာ တဖြည်းဖြည်း များပြားလာပြီး စာအုပ်ရဲ့ မှတ်တမ်းတွေအရ မြောင်းမြနဲ့ ဝါးခယ်မမြို့တွေမှာ အတွေ့ရများတယ်လို့ ဆိုပါတယ်။ အဲဒီကမှစပြီး ပြန့်ပွားခဲ့တာ ၁၉၂၆ မှာ တီဘီရောဂါပိုးကို မြန်မာပြည်က မြို့ကြီးတွေမှာ တွေ့ခဲ့ရပြီလို့ ဆိုပါတယ်။ မြန်မာလူမျိုးနဲ့ တရုတ်လူမျိုးတွေအကြားမှာ အဖြစ်များတယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယက ကူလီတွေကို တင်လာပြီး ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့ သင်္ဘောတွေပေါ်က ခရီးသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေဆီမှာလည်း ကူးစက်ရောဂါတွေ ပါလာပြီး ကုသထိန်းချုပ်ရေး မလုံလောက်မှုကြောင့် ပိုပြီးခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ကြုံခဲ့ရတယ်လို့ မှတ်တမ်းပြုစုထားပါတယ်။

ဒီလို ကူးစက်ရောဂါတွေကြောင့် ၁၉၁၈ မှာဆိုရင် သီးခြားခွဲခြား ကန့်သတ်တဲ့ စနစ်ကို ကိုလိုနီ အာဏာပိုင်တွေက ကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် မေမြို့မှာ ဗြိတိသျှတွေကို သီးသန့် ခွဲထားပြီး ကူးစက်ရောဂါ မဖြစ်အောင် ကာကွယ်ခဲ့တာမျိုး ဖြစ်ပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ်မှာတော့ ဒီလိုကူးစက်ရောဂါတွေ ကျရောက်ပြီဆိုရင် အရင်ဦးဆုံး ကာကွယ် ကုသမှုကို ခံယူရတာကတော့ အုပ်ချုပ်သူ အာဏာပိုင်တွေပဲ ဖြစ်ပါတယ်။ သူတို့က ပထမဦးစားပေး ဖြစ်ပါတယ်လို့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။

ဒုတိယဦးစားပေးကတော့ အုပ်ချုပ်ခံထားရတဲ့ လူတန်းစားတွေ၊ ပြည်သူပြည်သားတွေပဲ ဆိုပါတယ်။ ဒီစာအုပ် ဒီအချိန်မှာ ရှာဖတ်နိုင်ရင် Lockdown လုပ်ရင်း အချိန်တွေကို ကုန်ဆုံးစေနိုင်ပါတယ်။

You may also like these stories:

ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်များ

သိထားသင့်တဲ့ H1N1

Loading