Remdesivir ဆေးဟာ COVID-19 ကုသရာမှာ အောင်မြင်မယ်လို့ လူတွေ မျှော်လင့်ထားခဲ့ကြပါတယ်။ တကယ့်တမ်း လူသားတွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာတော့ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ မတော်တဆထုတ်ဝေမိတဲ့ စာရွက်စာတမ်းမူကြမ်းတွေအရ တရုတ်နိုင်ငံမှာ လူသားတွေနဲ့ စမ်းသပ်တဲ့အခါ Remdesivir ဆေးဟာ မအောင်မြင်ခဲ့ပါဘူး။
လူနာတွေကို Remdesivir နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ကြည့်တဲ့အခါ တိုးတက်မှု မရှိခဲ့သလို သွေးကြော ထဲမှာရှိနေတဲ့ ရောဂါပိုးပမာဏကိုလည်း လျှော့ချပေးနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ သုတေသီတွေ အနေနဲ့ လူနာ ၂၃၇ ယောက်ကို လေ့လာခဲ့ပါတယ်။ လူနာ ၁၅၈ ယောက်ကို Remdesivir ဆေးထိုးခဲ့ပြီး ကျန်တဲ့ ၇၉ ယောက်ကိုတော့ ပုံမှန်စောင့်ကြည့်တဲ့အတိုင်း စောင့်ကြည့်ပြီး ရလဒ်တွေကို လေ့လာခဲ့ပါတယ်။
တလကြာပြီးတဲ့ နောက်မှာတော့ Remdesivir ဆေးထိုးလူနာ ၁၃ ဒဿမ ၉ ရာခိုင်နှုန်း သေဆုံးခဲ့ပြီး သာမန် စောင့်ကြည့်လူနာ ၁၂ ဒဿမ ၈ ရာခိုင်နှုန်းသာ သေဆုံးခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေ ရှိ နေတဲ့အတွက် စမ်းသပ်မှုကို စောစောစီးစီးပဲ ရပ်ထားလိုက်ရပါတယ်။
အကျဉ်းချုပ် ဖော်ပြချက်မှာတော့ Remdesivir ဟာ COVID-19 ကို လက်တွေ့ကုသတဲ့အခါ ရောဂါ ပိုးနဲ့ ပတ်သက် ဆက်နွယ်မှု မရှိဘူးလို့ ဖော်ပြထားပါတယ်။ Remdesivir ဆေးကို ထုတ်လုပ်ဖို့ သုတေသနပြုနေတဲ့ Gilead Sciences ဆေးဝါးကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အခုတွေ့ရှိခဲ့တဲ့ အချက် အလက်တွေဟာ အကျိုးရလဒ်တခုကိုတော့ ပေးခဲ့တယ်လို့ ဆိုပါတယ်။
COVID-19 ကုသရေးလမ်းကြောင်းဟာ လမ်းဆုံးကို ရောက်သွားတာတော့ မဟုတ်သေးပါဘူး။ COVID-19 ကုသရေးအတွက် စမ်းသပ်မှုတွေ အများကြီး ပြုလုပ်နေကြပါတယ်။ မကြာခင်မှာ COVID-19 ကို ကာကွယ်နိုင်မယ့် ဆေးဝါးတွေ ထွက်ပေါ်လာပါလိမ့်မယ်။
Ref. BBC
You may also like these stories:
နီကိုဒင်းဓာတ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ ပြင်သစ် စမ်းသပ်
နေရောင်ခြည်၊ အပူချိန်နဲ့ စိုထိုင်းဆတို့ဟာ ဗိုင်းရပ်စ်ကို အားနည်းစေကြောင်း အမေရိကန်အစိုးရ ပြော
ဗြိတိန်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှု မကြာခင် စတင်မည်