COVID-19 ကာကွယ်နိုင်မယ့် ဆေးဝါးကို နိုင်ငံတကာမှာ စမ်းသပ် ရှာဖွေနေကြပါတယ်။ Remdesivir ဆေးဟာ COVID-19 ကုသရာမှာ အောင်မြင်မယ်လို့ လူတွေ မျှော်လင့်ထားခဲ့ကြပေမယ့် တကယ်တမ်းလူတွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ အောင်မြင်မှုမရှိခဲ့ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတဲ့အတွက်ကြောင့်လည်း စမ်းသပ်မှုကို စောစောစီးစီး ရပ်နားထားလိုက်ရပါတယ်။
ဥရောပနိုင်ငံတွေထဲမှာတော့ ယူကေမှာရှိတဲ့ Oxford တက္ကသိုလ်က COVID-19 ကာကွယ်ဆေးကို လူတွေနဲ့ စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ ဒါဟာ ဥရောပနိုင်ငံတွေထဲမှာ ပထမဆုံးအကြိမ် စမ်းသပ်မှုပါပဲ။ Oxford တက္ကသိုလ်က သိပ္ပံပညာရှင်များထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေမှာပထမဆုံးအကြိမ် စမ်းသပ်ထိုးပေမှုကို ဧပြီလ ၂၃ ရက်နေ့က စတင်ခဲ့ပါတယ်။
ဆေးသစ် စမ်းသပ်မှုမှာ ပါဝင်ဖို့ ဆန္ဒရှိသူ ၂ ယောက်ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က COVID-19 ကာကွယ်ဆေးထိုးပြီး စတင်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် အစမ်းသပ်ခံမယ့် လူပေါင်း ၈၀၀ ရှိနေပါတယ်။
BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ လူ ၈၀၀ အနက်က တဝက်ကို COVID-19 ကာကွယ်ဆေးထို းပေးမှာဖြစ်ပြီး ကျန်တဝက်ကိုတော့ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး ထိုးပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဆေးစမ်းသပ်ခံမယ့်လူတွေဟာ ဆရာဝန်က သူတို့ကို ဘာဆေးထိုးပေးထားတယ်ဆိုတာသိကြရမှာမဟုတ်ပါဘူး။ ဆရာဝန်တွေက ဒီကိစ္စကို လျှို့ဝှက်ထားကြပြီး သူတို့အချင်းချင်းသာ သိကြပါတယ်။
ဒီစမ်းသပ်မှုကို ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင် ပါမောက္ခ Sarah Gilbert ကလည်း ဒီဆေးဟာ COVID-19 ကာကွယ်ရေးမှာ အလုပ်ဖြစ်မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်။ ဆေးရဲ့အာနိသင်ကိုတော့ စမ်းသပ်နေတုန်းဖြစ်လို့ မကြာခင်အချိန်မှာပဲ ထိရောက်မှု ရှိ ၊ မရှိ သိရပါလိမ့်မယ်လို့ ပြောပါတယ်။
ပထမအကြိမ် ဆေးစမ်းသပ်မှုမှာ ပါဝင်တဲ့ လူ ၂ ယောက်အနက် တယောက်ကတော့ Elisa Granato ဟာ သိပ္ပံပညာရှင် တယောက်ပါ။ သူမက“ကျမက သိပ္ပံပညာရှင်တယောက်ပါ။ ဒါကြောင့်လည်း သိပ္ပံပညာနဲ့ ပတ်သက်တဲ့ တိုးတက်မှု တွေကို ကျမလုပ်ပေးနိုင်သလောက် လုပ်ပေးချင်တဲ့ဆန္ဒ ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆေးစမ်းသပ်နေတဲ့ Oxford တက္ကသိုလ်က ပညာရှင်တွေရဲ့အပြောအရ ကာကွယ်ဆေးကို ၃ လကြာ စမ်းသပ်တီထွင်ခဲ့ရတယ်လို့ သိရပါတယ်။ ဆေးထိုးပြီးစမ်းသပ်ခံခဲ့တဲ့ Elisa ကလည်း အခုကာကွယ်ဆေးဟာ COVID-19 ရောဂါကိုကာကွယ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောပါတယ်။
ဒီစမ်းသပ်မှုကို ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင် ပါမောက္ခ Sarah Gilbert ကလည်း ဒီကာကွယ်ဆေးစမ်းသပ်မှုဟာ ၈၀ ရာခိုင်နှုန်း အောင်မြင်နိုင်ခြေ ရှိကြောင်း ပြောခဲ့ပါတယ်။
Ref: BBC
You may also like these stories:
Premier League ပွဲစဉ်များ လာမယ့်အပတ်အတွင်း ပြန်စတင်မည်
လက်ရှိ COVID-19 အခြေအနေကြောင့် ရုံတင်ရက် ပိုအလှမ်းဝေးသွားတဲ့ The Batman
ကိုဗစ်ကာလအတွင်း ဂျပန် ဘွဲ့နှင်းသဘင်များမှာ စက်ရုပ်အစားထိုး အသုံးပြု ကျင်းပ