ကမ္ဘာတဝှမ်းမှာ COVID-19 Negative ပြလို့ ဆေးရုံက ဆင်းပြီး အိမ်ပြန်သွားကြသူတွေမှာ COVID-19 ရောဂါပိုး ထပ်မံတွေ့ ရှိနေတယ်လို့ သိရပါတယ်။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လို့ ဆေးရုံကဆင်းသွားတဲ့ COVID-19 လူနာတွေကို စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်ကြည့်တဲ့အခါ Positive ပြန်ဖြစ်နေတာကို နိုင်ငံအချို့မှာ တွေ့ခဲ့ရပါတယ်။
လွန်ခဲ့တဲ့လကလည်း တရုတ်နိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးတွေ ကြုံခဲ့ရဖူးပါတယ်။ တရုတ်နိုင်ငံအပြင် ဂျပန် နိုင်ငံမှာလည်း Positive ပြန်ပြတဲ့ လူနာတယောက်ကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း COVID-19 Negative ဖြစ်ပြီဆိုရုံနဲ့ ပေါ့ဆမနေသင့်ပါဘူး။ ပြန်ပြီး Positive ဖြစ်နိုင်ပါသေးတယ်။
မကာအိုက အမျိုးသားတယောက်လည်း Negative ပြလို့ ၁၄ ရက် မပြည့်ခင်မှာပဲ ပြန်လည် စမ်းသပ် ကြည့်တဲ့အခါ Positive ပြန်ဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ COVID-19 တုန့်ပြန်ရေးနဲ့ ညှိနှိုင်းရေး စင်တာက ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ အသက် ၃၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင် အမျိုးသားတယောက်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်နေ့ ကနေ မတ်လ ၁၆ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ မနီလာမြို့တော်ကို သွားရောက် လည်ပတ်ခဲ့သူလည်း ဖြစ်ပါတယ်။
မကာအိုကို ပြန်ရောက်ပြီး မတ်လ ၁၈ ရက်နေ့မှာ COVID-19 ဝေဒနာကို စတင်ခံစားခဲ့ရပါတယ်။ ဧပြီ ၁၂ ရက်နေ့မှာ ရောဂါပျောက်ကင်းသွားတဲ့အတွက် ဆေးရုံက ဆင်းသွားခဲ့ပါတယ်။ ဧပြီ ၂၅ ၊ ၂၆ မှာ ပြန်လည် စမ်းသပ်ကြည့်တဲ့အခါ Positive ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီအမျိုးသားဟာ မကာအိုအတွက်တော့ Positive ပြန်ပြတဲ့ ပထမဆုံးသော လူနာပါပဲ။ အခုအချိန်မှာတော့ သူ့ကို သီးသန့်ခွဲထားပြီး ဆေးကုသမှုတွေ ပြန်လုပ်ပေးနေတယ်လို့ သိရပါတယ်။
အလားတူပဲ ဗီယက်နမ်နိုင်ငံမှာလည်း Negative ပြလို့ ဆေးရုံကဆင်းသွားတဲ့ ကိုဗစ်လူနာ ၃ ယောက် Positive ပြန်ဖြစ်နေတာကို တွေ့ရှိခဲ့ရပြန်ပါတယ်။ အဲဒီ ၃ ယောက်မှာ ၂ ယောက်က ဘရာဇီးနိုင်ငံသားတွေဖြစ်ပြီး ၁ ယောက် ကတော့ ဗီယက်နမ်နိုင်ငံသားပါ။ Positive ပြန်လည်တွေ့ရှိ ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားဟာ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူနာနံပါတ် ၇၄ ဖြစ်ပါတယ်။
သူဟာ ဗီယက်နမ်မြောက်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ Phu Tho မှာ နေထိုင်သူတယောက်ဖြစ်ပြီး မတ်လ ၁၈ ရက်နေ့က COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုလူနာ တယောက်လည်း ဖြစ်ပါတယ်။ Bac Ninh အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့တဲ့အတွက် ဧပြီ ၁၀ နေ့မှာ ဆေးရုံက ဆင်းပြီး နေအိမ် ပြန်သွားခဲ့ပါတယ်။
အိမ်ရောက်တဲ့အခါမှာလည်း ၁၄ ရက် သီးသန့်ခွဲနေခဲ့ပါတယ်။ သီးသန့်ခွဲနေစဉ် ကာလအတွင်း COVID-19 လက္ခဏာ တစုံတရာ ပြသခြင်း မရှိခဲ့ပါဘူး။ အဖျားတက်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရ ခက်ခဲတာမျိုးလည်း မရှိခဲ့ပါဘူး။ ဧပြီ ၂၅ ရက်နေ့မှာတော့ Quarantine ကာလပြည့်သွားတဲ့ အတွက် ထပ်မံစမ်းသပ်ကြည့်ရာမှာတော့ Positive ပြန်ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။
ဒါကြောင့်လည်း သူဟာ ဟနွိုင်းမှာရှိတဲ့ ဆေးရုံတရုံမှာ ဆေးဝါးကုသမှု ဆက်လက် ခံယူနေရတယ်လို့ သိရပါတယ်။ သူရဲ့ မိသားစုဝင် ၃ ယောက်ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ရောဂါကူးစက်ခံထားရ ကြောင်း မတွေ့ရှိခဲ့ပေမယ့် Quarantine လုပ်ထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ကျန်းမာရေးကောင်းမွန်လို့ ဆေးရုံက ဆင်းသွားကြသူတချို့မှာ Positive ပြန်ပြန် တွေ့နေရတယ်လို့ သိရပါတယ်။
Ref: e.vnexpress,macaunews
You may also like these stories:
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ
ထိုင်းတွင် Lockdown အချိန် ထပ်တိုးမည်
COVID-19 ဟာ မျက်လုံးမှာလည်း အချိန်ကြာမြင့်စွာနေနိုင်ကြောင်း လေ့လာတွေ့ရှိ