ကိုဗစ်ကူးစက်သူ အမျိုးသားများရဲ့ သုက်အတွင်း ရောဂါပိုးတွေ့ရှိကြောင်း တရုတ်ပြော
တရုတ်သိပ္ပံပညာရှင်တွေက COVID-19 အတည်ပြုလူနာ အမျိုးသားတွေရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်ခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ဖို့ အတွက်ကိုတော့ နောက်ထပ် သုတေသနပြုရန် လိုအပ်မှာဖြစ်ပါတယ်။
တရုတ်ဆေးရုံတရုံမှာ တက်ရောက်ကုသနေတဲ့ COVID-19 လူနာများကို လေ့လာခဲ့မှုကနေ အခုလို တွေ့ရှိခဲ့ရကြောင်း JAMA Network Open ဆေးပညာဂျာနယ်မှာ မေ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ Henan ပြည်နယ် Shangqiu Municipal ဆေးရုံမှ သုတေသီတွေက သုက်ထဲမှာ ဗိုင်းရပ်စ်ရှိ၊ မရှိ လေ့လာမှုတခု ပြုလုပ်ခဲ့ကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ သုတေသီတွေက အသက် ၁၅ နှစ်မှ ၅၀ နှစ်ကြားအရွယ် COVID-19 လူနာ ၃၅ ဦးရဲ့ သုက်ရည်ကို စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
လူနာ ၆ ဦးရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုဗီဇဆိုင်ရာပစ္စည်းတွေကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီ လူနာ ၆ ဦး ထဲက ၄ ဦးဟာ COVID-19 အခြေအနေ စိုးရိမ်ရတဲ့အဆင့်ဖြစ်ပြီး ၂ ဦးကတော့ ပြန်လည်သက်သာလာနေတဲ့ လူနာတွေ ဖြစ်တယ်လို့ သိရပါတယ်။
COVID-19 ဟာ အသက်ရှူလမ်းကြောင်းတလျှောက်မှ အမှုန်အမွှားနဲ့ အရည်အစက်လေးများ သို့မဟုတ် ထိတွေ့မှုမှတဆင့် ကူးစက်ပျံ့နှံ့တာ ဖြစ်ပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို မစင်၊ တံတွေးနဲ့ ဆီးထဲမှာလည်း တွေ့ရှိထားကြောင်း ယခင်စမ်းသပ်ချက်တွေ အရ သိရပါတယ်။
“တကယ်လို့ SARS-CoV-2 ဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်နိုင်တယ်လို့ အနာဂတ် လေ့လာမှုတွေမှာ သက်သေပြနိုင်ခဲ့ရင် ဒါဟာ ကူးစက်မှုကို ကာကွယ်တားဆီးနိုင်ဖို့ အလွန်အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နိုင်လိမ့်မယ်” လို့ လေ့လာမှုက ပြောထားပါတယ်။
အခု လေ့လာမှုဟာ အကန့်အသတ်ရှိပြီး လူနာအနည်းငယ်ကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ သုတေသီတွေက မှတ်ချက်ပြုထားပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆက်ခြင်းမှတဆင့် ကူးစက်ခြင်းရှိ၊ မရှိ အတည်ပြုသိရှိနိုင်ဖို့ နောက်ထပ်ဆက်ပြီး လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။
Ref. TheGuardian
You may also like these stories:
ကိုရိုနာက ပုလဲဆိပ်ကမ်း ဗုံးကြဲခံရမှုထက် ပိုဆိုးကြောင်း ထရမ့်ပြော