တရုတ်နိုင်ငံအနေနဲ့ COVID-19 ကပ်ရောဂါဆိုးကြီးကို ဒုတိယအကြိမ် မျက်နှာချင်းဆိုင်နေရပါပြီ။ ဒါကြောင့်လည်း အာဏာပိုင်တွေအနေနဲ့ ဝူဟန်မြို့မှာ နေထိုင်သူ ၁၁ သန်းကို ၁၀ ရက်အတွင်း COVID-19 ကူးစက်မှု ရှိ၊ မရှိ ပြန်လည် စစ်ဆေးမယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
ဝူဟန်မြို့ဟာ COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်တဲ့အတွက် ဒုတိယလှိုင်းနဲ့ မကြုံတွေ့ရအောင် အာဏာပိုင်တွေက ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ဟာ COVID-19 စတင် ပြန့်ပွားခဲ့တဲ့ နေရာဖြစ်သလို Lockdown ကာလကို ဧပြီ ၈ ရက်နေ့မှာ ရုတ်သိမ်းခဲ့ပါတယ်။ Lockdown ရုတ်သိမ်းပြီး ၁ လအကြာမှာတော့ ကူးစက်လူနာအသစ် ထပ်တွေ့တဲ့အတွက် တရုတ်အစိုးရရဲ့ ညွှန်ကြားစာ ထွက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တပတ်အတွင်း ဝူဟန်မြို့မှာ ကူးစက်လူနာသစ် ၆ ယောက် တွေ့ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ဟာ COVID-19 ဒဏ်ကို အများဆုံး ခံစားခဲ့ရတဲ့ မြို့တမြို့ပါ။ COVID-19 ကြောင့် တရုတ်နိုင်ငံတဝှမ်းမှာ လူပေါင်း ၄,၆၃၃ ယောက် သေဆုံးခဲ့ပြီး ဝူဟန်မြို့က ၃,၈၆၉ ယောက် ပါဝင်ပါတယ်။ တာဝန်ရှိသူတွေကလည်း ခရိုင်တခုချင်းစီအနေနဲ့ ကိုယ့်နယ်မြေအတွင်း နေထိုင်ကြသူတွေကို ရောဂါပိုးရှိ၊ မရှိ ၁၀ ရက်အတွင်းစစ်ဆေးနိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားတယ်လို့ သိရပါတယ်။
ဝူဟန်တက္ကသိုလ်က ကျွမ်းကျင်ပညာရှင် တယောက်ကလည်း ဝူဟန်မြို့မှာနေထိုင်သူ ၃ သန်းကနေ ၅သန်းအထိ ဗိုင်းရပ်စ်စစ်ဆေးထားပြီး တမြို့လုံး အတိုင်းအတာနဲ့ဆိုရင်တော့ ၆ သန်းကနေ ၈သန်းအထိ ကျန်နေနိုင်သေးတယ်လို့ ပြောပါတယ်။
ရောဂါ စတင်ပြန့်ပွားပြီးတဲ့နောက်ဝူဟန်မြို့ကို ၇၆ ရက်ကြာ Lockdown ချထားခဲ့ပြီး ဧပြီ ၈ ရက်နေ့ မှာပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။ လူနေထူထပ်တဲ့ နေအိမ်တွေကို စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် အခုလို ကူးစက် လူနာသစ်တွေကို ပြန်တွေ့ရတာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ထဲမှာတော့ လူဦးရေထူထပ်တဲ့ နေရာတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေး စစ်ဆေးသင့်တယ်လို့ ဖော်ပြထားကြောင်း ဒေသခံမီဒီယာတွေက ရေးသားနေကြပါတယ်။ ဘယ်သူ့ကို ဘယ်လို ဦးစားပေးမယ်၊ ဘယ်လို စမ်းသပ် စစ်ဆေးမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိဘူးလို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနရဲ့ ရောဂါကူးစက်မှုဆိုင်ရာ အကြီး အကဲဖြစ်သူ Dr.Wu Zunyou ကတော့ ရောဂါကူးစက်မှု မရှိတဲ့ ရပ်ကွက်တွေမှာ လူတိုင်းကို စစ်ဆေးနေစရာ မလိုဘူးလို့ ပြောကြားခဲ့ပါတယ်။
Ref: ctvnews, slate
You may also like these stories:
အာဖရိကနိုင်ငံများ အားလုံး COVID-19 ကူးစက်ခံရ
စင်ကာပူမှာ မူကြိုကျောင်း ဝန်ထမ်းအားလုံး COVID-19 ရောဂါပိုး စစ်မည်