အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံ အစိုးရအနေနဲ့ ပြန်လည် ခေါ်ယူနေပါတယ်။ ထိုင်းမှာ ပိတ်မိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့လည်း လာမယ့် မေလ ၂၂ ရက်နေ့ကစပြီး ကန့်သတ် စည်းကမ်းတွေနဲ့ မြန်မာနိုင်ငံကို ပြန်ခွင့်ရမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးက ပြောပါတယ်။
မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေလည်း မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့ရဲ့ မေလ ၁၆ ရက်နေ့ကနေ မေလ ၁၉ ရက်နေ့အထိ ၄ ရက်တာ ကာလအတွင်း ဓာတ်ခွဲစစ်ဆေးမှုအရ မလေးရှားနိုင်ငံကပြန်လာပြီး အသွားအလာ ကန့်သတ်ထားသူတွေထဲက ၉ ယောက်မှာ COVID-19 ကူးစက်ခံထားရကြောင်း ဓာတ်ခွဲအဖြေအရ သိရပါတယ်။
လက်ရှိအချိန်အထိ မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၆,၉၇၈ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၁၁၄ ယောက် ရှိနေပါတယ်။
အခုဆိုရင်တော့ မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း တော်တော်များများမှာ COVID-19 ပြန့်ပွားလာတာ တွေ့နိုင်ပါတယ်။ မေလ ၁၆ ရက် မနက်ခင်းပိုင်းမှာတော့ မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက် (လူနာအမှတ် ၁၈၂) မှာ COVID- 19 တွေ့ရှိခဲ့ရသလို မေလ ၁၇ ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက် (လူနာအမှတ် ၁၈၄) မှာလည်း ပိုးတွေ့ရှိခဲ့ပါတယ်။
မေလ ၁၈ ရက် မနက်ခင်းပိုင်း ဓာတ်ခွဲအဖြေတွေအရ မလေးရှားနိုင်ငံက ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ယောက်မှာလည်း ပိုးတွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာ ၃ ယောက်ဟာ တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက် (လူနာအမှတ် ၁၈၅) နဲ့ ကရင် ပြည် နယ် ၊ ကော့ကရိတ်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသား ၂ ယောက် (လူနာအမှတ် ၁၈၆ ၊ ၁၈၇) တို့ပဲ ဖြစ် ကြပါတယ်။
မေလ ၁၈ ရက် ညပိုင်း ဓာတ်ခွဲအဖြေတွေအရ ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်မှာနေထိုင်တဲ့ မလေးရှား ပြန် အမျိုးသားတယောက် (လူနာအမှတ် ၁၈၈)မှာလည်း COVID-19 တွေ့ရှိခဲ့ရပါတယ်။
မေလ ၁၉ ရက် မနက်ခင်းပိုင်းဓာတ်ခွဲ အဖြေအရ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှာနေထိုင်တဲ့ အမျိုးသားတယောက်(လူနာအမှတ် ၁၈၉) ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက်(လူနာအမှတ် ၁၉၀) နဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ ပန်းတနော်မြို့နယ်မှာနေ ထိုင်တဲ့အမျိုးသားတယောက်(လူနာအမှတ် ၁၉၁) တို့မှာလည်း ပိုးတွေ့ရှိခဲ့ပါတယ်။
မေလ ၁၉ ရက် ညပိုင်းထုတ်ပြန်ချက်အရ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကပြန်လာတဲ့ အမျိုးသမီး ၂ ယောက်မှာ COVID-19 ပိုးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ အမျိုးသမီး ၂ ယောက်ဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နဲ့ ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်သူတွေလို့ သိရပါတယ်။
မေလ ၂၀ ရက်မနက်ခင်းပိုင်း ထုတ်ပြန်ချက်အရတော့ ပိုးတွေ့လူနာ မရှိပါဘူး။ မေလ ၁၆ ရက်ကနေ မေလ ၁၉ ရက်နေ့ထိ မလေးရှားက ပြန်လာတဲ့သူတွေမှာ ဆက်တိုက် ပိုးတွေ့ရှိ ခဲ့ပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာပေါင်း ၁၉၃ ယောက် ရှိနေပြီး ၆ ယောက် သေဆုံးခဲ့ပါတယ်။ ပိုးတွေ့လူနာ ၁၉၃ ယောက် အနက် ၁၀၄ ယောက် ကျန်းမာရေး ပြန်ကောင်းလာတယ်လို့ သိရပါတယ်။
Ref. Ministry of Health and Sports, Myanmar