ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်တွေအရ ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံနေရသူ အရေအတွက် ၅ သန်း ကျော်သွားခဲ့ပြီဖြစ်ပြီး လူပေါင်း ၃ သိန်းကျော် သေဆုံးခဲ့ရပါပြီ။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့တဲ့ COVID-19 ကပ်ရောဂါဆိုးကြီး ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေခဲ့တာ ၅ လတာ ကာလကို ရောက်လာခဲ့ပေမယ့် သေချာရေရာတဲ့ ကုသဆေး တစုံတရာ ထွက်ပေါ်လာခြင်းတော့ မရှိသေးပါဘူး။ နိုင်ငံတကာဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေကတော့ ကာကွယ်ဆေးရော၊ ကုသဆေးပါ ထုတ်လုပ်နိုင်အောင် အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေကြပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံ ၅ နိုင်ငံကတော့ အမေရိကန်၊ ရုရှား၊ ဘရာဇီး၊ စပိန်နဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကူးစက်ခံရသူ အရေအတွက် ၁,၅၉၁,၉၉၁ ယောက်ဖြစ်ပြီး သေဆုံးသူအရေအတွက်က ၉၄,၉၉၄ ယောက်အထိ ရှိသွားခဲ့ပါပြီ။
ရုရှားမှာကူးစက်သူအရေအတွက် ၃၀၈,၇၀၅ ယောက် ၊ ဘရာဇီးမှာ ၂၉၃,၃၅၇ ယောက် ၊ စပိန်မှာ ၂၇၉,၅၂၄ ယောက် နဲ့ ဗြိတိန်မှာ ၂၄၈,၂၉၃ ယောက် ရှိနေပါတယ်။ အခု ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းအရေအတွက်က ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ချက်တွေ ဖြစ်ပါတယ်။
COVID-19 ရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ နိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံလည်း ပါဝင်ပါတယ်။ ကမ္ဘာ့တတိယမြောက် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ဘရာဇီးနိုင်ငံရဲ့ ၂၀၂၀ လူဦးရေက ၂၁၂ သန်းကျော် ရှိနေပြီး COVID-19 ကြောင့် ၁၈,၈၉၄ ယောက် သေဆုံးခဲ့ရပါတယ်။
ဘရာဇီးနိုင်ငံမှာ နေ့စဉ် လူသေဆုံးမှု ရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ COVID-19 ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အခုလို လူအများအပြား သေဆုံးလာရတဲ့ အကြောင်းကတော့ စမ်းသပ် ကိရိယာတွေ မလုံလောက်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။
ဘရာဇီးသမ္မတဖြစ်သူ Jair Bolsonaro ကတော့ COVID-19 ကို ကာကွယ်နိုင်ဖို့ ငှက်ဖျားဆေးတမျိုး ဖြစ်တဲ့ ကလိုကွင်းကို သုံးစွဲဖို့ ပြည်သူတွေကို အကြံပြုနေပါတယ်။ ဘရာဇီးသမ္မတ နည်းတူ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း COVID-19 ကို ကာကွယ်ဖို့ ကလိုရိုကွင်းကို လွန်ခဲ့တဲ့အပတ်က စပြီး နေ့စဉ်သုံးစွဲနေတယ်လို့ မေလ ၁၉ ရက်နေ့က ပြောကြားခဲ့ပါသေးတယ်။
ဘရာဇီးသမ္မတနဲ့ အမေရိကန် သမ္မတ ညွှန်းနေကြတဲ့ ကလိုရိုကွင်းဆေးဝါးဟာ COVID-19 ကိုကာကွယ်နိုင်တယ်လို့ သက်သေအထောက်အထားမရှိပါဘူး။ COVID-19 လူနာတွေကို ကလိုရိုကွင်းနဲ့ ကုသပေးရာမှာ နောက်ထပ် ဆိုးကျိုးများစွာရှိနိုင်တဲ့အကြောင်း အမေရိကန် အစားအစာနှင့် ဆေးဝါးအုပ်ချုပ်ရေး အဖွဲ့ (FDA) က သတိပေးထားပြီးသား ဖြစ်ပါတယ်။
ဘရာဇီးသမ္မတဖြစ်သူ Jair Bolsonaro ဟာ ကျွမ်းကျင်ဆေးပညာရှင်တွေရဲ့ အကြံပေးချက်တွေကို အကြိမ်ကြိမ် ဆန့်ကျင်နေတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန် ၂ ယောက် ပြီးခဲ့တဲ့လက ပဲ နုတ်ထွက်သွားခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာပညာရှင်တွေကတော့ ဘရာဇီးနိုင်ငံရဲ့ရောဂါကူးစက်မှုနှုန်းက ထပ်မံမြင့်တက်လာဖို့ရှိနေတယ်လို့ သတိပေးထားပါတယ်။
မေလ ၁၉ ရက်နေ့မှာတော့ COVID-19 ကြောင့် ဘရာဇီးနိုင်ငံမှာ လူပေါင်း ၁,၁၇၉ ယောက်သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန် ကြီးဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့မှာ လူဦးရေ ၁၂ သန်းရှိပြီး COVID-19 ကူးစက်မှု အများဆုံးမြို့လည်း ဖြစ်ပါတယ်။
Ref: BBC
You may also like these stories:
ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေးကို လာမယ့်နှစ် အဆင်သင့်ဖြစ်ဖို့ မျှော်လင့်
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၅ သန်း ကျော်ပြီ