COVID-19 ပြန့်ပွားပြီးနောက်ပိုင်း ပြည်ပရောက် နိုင်ငံသားတွေလည်း အမိနိုင်ငံကို ပြန်လာခဲ့ကြပါ တယ်။ ပြည်ပကနေ ပြန်လာတဲ့နိုင်ငံသားတွေမှာ ရောဂါကူးစက်မှုတွေလည်း ရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ၁ လကျော်ကြာတဲ့အထိ ကူးစက်လူနာ မတွေ့ရာကနေ ရုရှားက ပြန်လာတဲ့ပြည်တော်ပြန် ၂၄ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကူးစက်မှုနှုန်းက ၃၂၄ ယောက် ဖြစ်သွားခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့ကနေ မေလ ၂၀ ရက်နေ့အထိ မလေးရှားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ကနေ ပြန်လာကြတဲ့ မြန်မာနိုင်ငံသားတွေမှာလည်း ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကို နောက်ထပ် ပြန်လာကြမယ့် ပြည်ပရောက် နိုင်ငံသားတွေ ရှိနေသေးတဲ့အတွက် ရောဂါ မကူးစက်ရအောင် သတိကြီးကြီးထားပြီး ကိုင်တွယ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ပြန်လာကြတဲ့နိုင်ငံသားတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာသင့်ပါတယ်။
မလေးရှားနိုင်ငံကတော့ ပြည်ပကနေ ပြန်လာမယ့် နိုင်ငံသားတွေအပါအဝင် တခြား နိုင်ငံသားတွေအနေနဲ့ မလေးရှားမှာ Quarantine ဝင်ရမယ်ဆိုရင် နေ့စဉ် ကုန်ကျစရိတ်ကို မိမိကိုယ်တိုင် ကျခံရမယ်လို့ မလေးရှား ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး Ismail Sabri Yaakob က ပြောကြားလိုက်ပါတယ်။
ဒီအစီအစဉ်ကိုတော့ ဇွန်လ ၁ ရက်နေ့ကနေ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံကိုပြန်လာကြတဲ့ ပြည်ပရောက် မလေးရှားနိုင်ငံသား သောင်းနဲ့ချီ ရှိနေပြီး ပိုးတွေ့လူနာတွေလည်း တွေ့ရှိနေရပါတယ်။ မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ ၇,၀၀၉ ယောက်ရှိနေပြီး ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။
ပြည်ပရောက် နိုင်ငံသားတွေအနေနဲ့ မလေးရှားနိုင်ငံမှာ Hotel Quarantine ဝင်တဲ့အခါ ဟိုတယ်ခ ၅၀ ရာခိုင်နှုန်း နေ့စဉ်ပေးဆောင်ရမှာဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့တော့ ၁၀၀ ရာခိုင်နှုန်း ပေးဆောင်ကြရပါမယ်။ ဒီဆုံးဖြတ်ချက်ဟာ အမျိုးသားလုံခြုံရေးကောင်စီမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်လည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
မလေးရှား အစိုးရအနေနဲ့ မတ်လ အစောပိုင်းကတည်းက နိုင်ငံတွင်း ဝင်ရောက်သူ အားလုံးကို ၁၄ ရက် Quarantine ဝင်ဖို့ သတ်မှတ်ခဲ့ပါတယ်။ ဧပြီလ ၃ ရက်နေ့ကစပြီး မလေးရှားအစိုးရအနေနဲ့ ပြည်ပရောက် မလေးရှားနိုင်ငံသားတွေကို ပြည်တွင်းဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။
မေလ၂၀ ရက်နေ့ အထိ မလေးရှားနိုင်ငံကို ပြန်လာကြတဲ့ ပြည်ပရောက် မလေးရှားနိုင်ငံသားအရေအတွက် ၃၈,၃၇၁ ယောက်ရှိခဲ့ပြီး ၃၀,၂၀၀ ယောက်ကတော့ Quarantine ကာလပြည့်သွားတဲ့အတွက် နေအိမ်တွေ ကိုပြန်ကုန်ကြပြီလို့ သိရပါတယ်။
Ref: thestar, malaymail
You may also like these stories:
Thai Airways ကို ဒေဝါလီမခံစေဘဲ ပြန်ဖွဲ့စည်းမည်
ဆိုင်ကလုန်းဝင်မယ့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူသန်းချီကို ရွှေ့ပြောင်းထား
ပြင်သစ်က မူလတန်းကျောင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိလာ