Health

COVID-19 ကြောင့် ၆ ပတ်အကြာမှာ ကိုယ်အလေးချိန် ကျဆင်းသွားသူ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ သူနာပြုလည်းဖြစ်၊ ကာယဗလမောင်လည်းဖြစ်တဲ့ အမျိုးသားဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ၆ ပတ်အကြာမှာ သူ့ရဲ့ ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသလိုက်ချိန်မှာတော့ လူအများက အံ့သြတုန်လှုပ်ခဲ့ကြပါတယ်။

အသက် ၄၃ နှစ်အရွယ် Mike Schultz ဟာ ကျန်းမာတဲ့ အမျိုးသားတဦးဖြစ်ပြီး COVID-19 မကူးစက်ခင်က ကိုယ်အလေးချိန် ပေါင် ၁၉၀ ကျော် ရှိခဲ့ပေမယ့် မတ်လအစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီး ၅၇ ရက်အကြာမှာတော့ ကိုယ်အလေးချိန်ပေါင် ၁၄၀ ပဲ ရှိတော့တာကို အရင်ကပုံနဲ့ လက်ရှိပုံကို နှိုင်းယှဉ်ပြပြီး သူ့ Instagram အကောင့်ကတဆင့် တင်ခဲ့ပါတယ်။

“ဒီပုံက အရင်ပတ်က ရိုက်ထားတဲ့ ကိုယ်တိုင်ရိုက် Selfie ပုံပါ။ ဆေးရုံ ၆ ပတ်လောက် တက်ပြီး အခြေအနေ ဘယ်လောက်ဆိုးသွားလဲဆိုတာ ပြချင်တာပါ။ အသက်ရှုစက် အကူအညီလည်း ယူခဲ့ရပါတယ်။ ဒီရောဂါကို စိုးရိမ်စရာ မရှိဘူးလို့ထင်နေတဲ့သူတွေကို သိသွားစေချင်လို့ပါ။ ကျနော်အရင်က ကျန်းမာရေးကုသမှု ခံယူဖူးတာမျိုးတောင် မရှိပါဘူး” လို့ Schultz က ဆိုပါတယ်။

Schultz ဟာ သူ့ကိုယ်သူ မုတ်ဆိတ်မွှေးနဲ့ သူနာပြုဆိုပြီး ပြောလေ့ ရှိပေမယ့် လက်ရှိ ရိုက်ကူးထားတဲ့ပုံမှာတော့ သူနာပြုတွေက အသက်ရှုပိုက် ထည့်ဖို့အတွက် သူ့မုတ်ဆိတ်တွေကို ရိတ်ပစ်ထားလို့ အရင်လိုမြင်ရမှာ မဟုတ်ပါဘူး။

Schultz ပြောပုံအရ မတ်လအစောပိုင်းက မီယာမီမှာကျင်းပတဲ့ The Winter Party Festival ကို သူ့ ပါတနာနဲ့ သွားရောက်ခဲ့ရာက ဗိုင်းရပ်စ် ကူးစက်ခံရတာလို့ ဆိုပါတယ်။ တခြား ကူးစက်မှု အများအပြားလည်း ဒီပွဲတော်နဲ့ ဆက်စပ်နေတာကို တွေ့ခဲ့ကြပါတယ်။

မီယာမီက ပွဲတော်အပြီး ကယ်လီဖိုးနီးယားက အိမ်ကို လေယာဉ်နဲ့ပြန်လာခဲ့ပြီး သူ့ပါတနာရှိရာ ဘော်စတွန်ပါ ထပ်သွားခဲ့ပါသေးတယ်။ အဲ့တောအတွင်းမှာ ကိုယ်လက် မအီမသာဖြစ်တာမျိုး ရှိခဲ့ပေမယ့် ရောဂါ ကူးစက်ခံရလိမ့်မယ်လို့ မထင်ထားကြောင်း Schultz က ဆိုပါတယ်။

ဘော်စတွန် ရောက်ပြီး ၂ ရက်အကြာမှာ ဆေးရုံတက် ကုသခဲ့ပါတယ်။ တက်နေစဉ်မှာ နမိုးနီးယားရောဂါ ခံစားလာရပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူများထားရှိရာ အဆောင်ကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုချိန်မှာတော့ ရောဂါကို ခုခံနိုင်ခဲ့ပြီး မေလ ၂ ရက်မှာတော့ ပုံမှန်ကုသရေး အဆောင်ကို ပြန်ရွှေ့ပြောင်းလာခဲ့ပြီ။

“ကျနော် အရမ်းအားနည်းနေတာပါ။ လက်ကိုင်ဖုန်းတောင် မကိုင်နိုင်လောက်အောင်ပဲ။ လက်တွေအရမ်းတုန်နေလို့ စာတောင် မနည်းရိုက်ရတယ်” လို့ သူ့ ကျန်းမာရေးအကြောင်းကို ပြောပြခဲ့ပါတယ်။

“ပုံတင်ဖို့ ဓာတ်ပုံရိုက်တုန်းက အားအကုန်သုံးပြီး မတ်မတ် ရပ်ခဲ့ရတာ။ လုံးဝ ပြန်ကောင်းသွားတဲ့ထိ ကြိုးစားမယ်။ ပြန်ကောင်းလာရင်တော့ အရင်ထက် ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်မယ်” လို့ သူက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရှေ့ပြေးရောဂါလက္ခဏာတွေဟာ သာမန် တုပ်ကွေးရောဂါနဲ့ ဆင်တူ တတ်ပါတယ်။ ချောင်းဆိုး၊ အသက်ရှုရခက်ပြီး ဖျားနာတာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ကိုယ်ခံအားပေါ် မူတည်ပြီး ရောဂါလက္ခဏာ မတူတတ်ပါဘူး။ ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေ အထူးသဖြင့် နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်ရောဂါအခံ ရှိသူတွေမှာ ပြင်းထန်နိုင်တာကြောင့် ကျန်းမာရေးဌာနတွေကို အမြန်ဆုံးဆက်သွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref: Global News

You may also like these stories:

COVID-19 ကြောင့် ဘရာဇီးမှာ တရက်အတွင်း လူ ၁၀၀၀ ကျော် သေဆုံး

ထိုင်းမှာ ကိုဗစ် ကာကွယ်ဆေးကို လာမယ့်နှစ် အဆင်သင့်ဖြစ်ဖို့ မျှော်လင့်

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ ၅ သန်း ကျော်ပြီ

Loading