အာဖရိကတိုက်၊ ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၁၅ နှစ်အရွယ် မိန်းကလေးတဦးအပါ အဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ UNICEF က ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိမှာတော့ ကူးစက်မှု ၉ ခု ရှိနေပါပြီ။
နောက်ထပ် ကူးစက်မှု ၄ ခု ထပ်တိုးလာပါတယ်။ ၄ ခုလုံးကလည်း သေဆုံးသွားတဲ့ ကလေးငယ်နဲ့ ဆက်စပ်မှု ရှိတယ်သူတွေချည်းပါပဲ။ လက်ရှိမှာ သူတို့တွေကို Mbandaka က Wangata ဆေးရုံမှာ သီးခြားစောင့်ကြည့် ကုသပေးနေတယ်လို့ ဆိုပါတယ်။
“မေ ၁၈ ကနေ ၃၀ အတွင်း သေဆုံးမှုတွေ ရှိခဲ့တာပါ။ ဒါပေမဲ့လည်း အီဘိုလာရောဂါနဲ့ ဆက်စပ်နေတယ်ဆိုတာ မေ ၃၁ ကမှ အတည်ပြုနိုင်ခဲ့တယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ကွန်ဂိုနိုင်ငံ အနောက်မြောက်ပိုင်း Equateur က Mbandaka မှာ ရောဂါကူးစက်မှု ၆ ခု ရှိခဲ့တယ်လို့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါဟာ ကွန်ဂိုနိုင်ငံအတွင်း အီဘိုလာကူးစက်မှု ၁၁ ကြိမ်မြောက်ဖြစ်ပြီး ခန္ဓာကိုယ်က ထွက်တဲ့အရည်ကတဆင့် ကူးစက်နိုင်ပြီး ရောဂါကူးစက်မှု အခြေအနေပေါ်မူတည်ပြီး သေဆုံးမှု ၂၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကွန်ဂိုနိုင်ငံဟာ ၂၀၁၈ ခုနှစ်၊ နိုင်ငံ အရှေ့ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေ အဆုံးသတ်နိုင်အောင် ကြိုးစားနေတာဖြစ်ပြီး WHO ရဲ့ ထုတ်ပြန်ချက်အရ ၃,၄၀၆ ခုဖြစ်ပွားခဲ့ပြီး ၂,၂၄၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အီဘိုလာ ရောဂါအစပျိုးချိန်ဟာ ၂၁ ရက်ကြာမြင့်တာဖြစ်လို့ နောက်ထပ် ၂၁ ရက်အတွင်း ကူးစက်မှုအသစ်တွေ မတွေ့ရတာကြောင့် WHO က ၄၂ ရက်ကြာ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
“ကွန်ဂိုနိုင်ငံအရှေ့ပိုင်း မှာဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေအတွက် ကြေညာချက်တွေ အချိန်အတော်ကြာ ထုတ်ပြန်နေရဦးမှာပါ။ လက်ရှိမှာ အီဘိုလာအပြင် COVID-19 ကူးစက်မှုနဲ့ ကမ္ဘာပေါ်မှာ ဝက်သက်ရောဂါ အဖြစ်များဆုံး အခြေအနေတွေကလည်း ကျန်ရှိနေသေးတယ်” လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကွန်ဂိုနိုင်ငံဟာ COVID-19 ကူးစက်ခံရသူ ၃,၁၉၅ ဦးရှိပြီး ၇၂ ဦး သေဆုံးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဝက်သက်ရောဂါ အဖြစ်များဆုံး နိုင်ငံဖြစ်တာကြောင့် စုစုပေါင်း ၃၇၀,၀၀၀ ကျော် ကူးစက်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်အတွင်း ၆,၇၇၉ ဦး သေဆုံးခဲ့ရပါတယ်။
အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုက်ဘေးရီးယား၊ ဆီယီယာလီနွန် နဲ့ ဂီနီယာနိုင်ငံတွေမှာ ၂၀၁၄ ကနေ ၂၀၁၆ အတွင်း အီဘိုလာရောဂါကြောင့် ၂၈,၀၀၀ ကျော် ကူးစက်ခံရပြီး ၁၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Ref: edition.cnn
You may also like these stories:
ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ခွဲစိတ်ရမယ့် လူရွှင်တော် မန်းဝင်း
ဇွန်လအတွင်း စင်ကာပူမှာ စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ်မည်
အိမ်မှာနေရင်း Workout လုပ်ကြမလား