တရုတ်ရိုးရာ တိုင်းရင်းဆေးဝါးတွေကို ပြက်ရယ်ပြုတဲ့သူများအား ဘေကျင်းအာဏာပိုင်တွေအနေနဲ့ အပြစ်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ တင်းကျပ်လွန်းတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ တပတ်ကစလို့ ဘေကျင်းကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်း အသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ တရုတ်ရိုးရာတိုင်းရင်းဆေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်သွားဖို့ ရှိနေပါတယ်။
မေလလောက်ကတည်းက စတင်အရှိန်ယူနေတဲ့ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေထဲမှာ တရုတ်ရိုးရာ တိုင်းရင်းဆေးလုပ်ငန်းတွေ ပိုပြီးဖွံ့ဖြိုးလာဖို့လည်း ပါဝင်ပါတယ်။ တရုတ်လူမျိုးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းဆေးဝါးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
ထူးခြားတာကတော့ ကျန်းမာရေးအာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ စာပိုဒ်ထဲမှာ ရိုးရာတိုင်းရင်းဆေးလုပ်ငန်းတွေကို မဆန့်ကျင်ဖို့နဲ့ ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ဖို့ ဖော်ပြထားတဲ့ အချက်ပါ။
တရုတ်ရိုးရာ တိုင်းရင်းဆေးလုပ်ငန်းတွေအနေနဲ့ သိပ္ပံနည်းကျ အထောက်အထား ခိုင်ခိုင်မာမာ မရှိသေးပေမယ့် ကွန်မြူနစ်ပါတီအနေနဲ့ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းသွားစေလိုတဲ့ ဆန္ဒ ရှိနေပါတယ်။ တရုတ်ရိုးရာ တိုင်းရင်းဆေးတွေကလည်း နှစ်ပေါင်းစွာကြာ ရှိလာခဲ့ပြီဖြစ်ပြီး အမျိုးသား အမှတ် အသားတခုလိုလည်း ဖြစ်နေပါပြီ။
အွန်လိုင်းအသုံးပြုသူတွေကြားမှာတော့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး အတားအဆီးတွေ လုပ်ဖို့ ကြိုးစားနေတဲ့အတွက် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
သိပ္ပံနည်းကျ မဟုတ်တဲ့အတွက် အခုလို ထိန်းချုပ်ဖို့ ကြိုးစာလာနေတဲ့ကိစ္စဟာ နိုင်ငံရေး ရှုထောင့်တခုသာဖြစ်ကြောင်း လူတွေက ပြောဆိုတာမျိုးလည်း ရှိနေပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ ရိုးရာတိုင်းရင်းဆေးလုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်တင်လာခဲ့ပါတယ်။
၂၀၁၆ ခုနှစ်အတွင်း အမျိုးသားဥပဒေတခု ပြဋ္ဌာန်းခဲ့ပြီး ဒေသအစိုးရတွေအနေနဲ့ ရိုးရာတိုင်းရင်းဆေး လုပ်ငန်းကို တိုးတက်အောင် ဆောင်ရွက်စေခဲ့သလို သင်ကြားရေးဆိုင်ရာ ကျောင်းတွေကိုလည်း ဖွင့် လှစ်ခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေး အကျပ်အတည်းကို အနောက်တိုင်းဆေးဝါးတွေနဲ့တင်မကဘဲ ရိုးရာတိုင်းရင်းဆေးတွေနဲ့လည်း ပူးတွဲအသုံးချသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ COVID-19 ကာလအတွင်းမှာတော့ တရုတ်အစိုးရအနေနဲ့ ရိုးရာတိုင်းရင်းဆေးတွေကို ပိုပြီး အသုံးပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မတ်လအတွင်းမှာတော့ ကိုဗစ်လူနာ ၇၄,၀၀၀ ကျော်ကို တိုင်းရင်းဆေးဝါးတွေနဲ့ ကုသနိုင်ခဲ့ပြီး ၉၀ ရာခိုင်နှုန်း ထိရောက်မှု ရှိခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
You may also like these stories:
ဝူဟန်မြို့မှာ လူနာအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်အစိုးရ ပြော
COVID-19 ထိန်းချုပ်ဖို့ မျှော်လင့်ချက်ဖြစ်လာတဲ့ တရုတ်တိုင်းရင်းဆေးလုပ်ငန်းများ