စင်ကာပူနိုင်ငံမှာ တပတ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ခံရသူ အရေအတွက် အများဆုံးဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ၅ ရက်ခွဲအတွင်း ၈၉၅ ယောက်နဲ့ စံချိန်တင် ကူးစက်ခံရတာပါ။
စင်ကာပူနိုင်ငံ National Environment Agency (NEA) က ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံရသူ ၁၀,၇၃၂ ဦး ရှိသွားပြီလို့ ဆိုပါတယ်။ ဇွန် ၇ ရက်နေ ၁၂ ရက်အတွင်း ၈၉၅ ဦး ကူးစက်ခံရတယ်လို့ NEA က ထုတ်ပြန်လိုက်ပါတယ်။
အပတ်စဉ် NEA က ထုတ်ပြန်ချက်အရ တပတ်အတွင်း ကူးစက်မှု အရေအတွက်ဟာ သမိုင်းဝင်အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်အတွင်း လက်ရှိအချိန်ထိ သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ အနည်းဆုံး ၁၂ ဦးရှိနေပြီး အများစုက အသက် ၅၆ နှစ်ကနေ ၈၀ အတွင်း လူကြီးအရွယ်တွေ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ ပုံမှန် ဇွန်လကနေ အောက်တိုဘာလအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားလေ့ ရှိပေမယ့် အရင်ပတ်တွေမှာ ရောဂါကူးစက်ခံရသူ အရေအတွက် များလာတာကြောင့် အေဂျင်စီကနေ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
၂၀၁၃-၂၀၁၄ ခုနှစ်မှာ စင်ကာပူနိုင်ငံတွင်း သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံရသူ တပတ်အတွင်း ၈၄၀ ကနေ ၈၉၁ ဦးထိ ရှိခဲ့တာကြောင့် အမြင့်ဆုံးကူးစက်မှုဖြစ်ခဲ့တယ်လို့ NEA ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါအများဆုံး ကူးစက်ခံရတဲ့နှစ်အဖြစ် ၂၀၁၃ ခုနှစ်မှာ၂၂,၁၀၇ ဦးရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်မှာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ၁၅,၉၉၈ ဦးရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ ကူးစက်ခံရသူ ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
သွေးလွန်တုပ်ကွေးရာသီ မဟုတ်တဲ့ ပထမ လေးလပတ်မှာတင် ရောဂါဖြစ်ပွားသူ ၃၀၀ ကနေ ၄၀၀ ကြား ရှိခဲ့တာမို့ ပုံမှန်ထက် ကူးစက်ခံရသူ ပိုများနိုင်ပါတယ်။ မေလတွင်းမှာ တပတ်ကို ရောဂါဖြစ်ပွားသူ ၅၀၀ ကနေ ၇၀၀ ကျော်ရှိခဲ့ရာက ဇွန်လ ပထမပတ်မှာတင် စံချိန်တင် ၈၇၀ နီးပါး ကူးစက်ခံခဲ့ရပါတယ်။
နိုင်ငံတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်နိုင်ချေများတဲ့ နေရာ ၂၁၀ ကျော်ရှိပြီး ဒီထဲကမှ ၆၆ နေရာက စိုးရိမ်စရာ အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ နေရာ အတိအကျကိုတော့ NEA website မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
မေလအတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာတာဟာ နိုင်ငံတွင်း တစိတ်တပိုင်းအသွားအလာ ပိတ်ဆို့ထားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်ဟာ အလုံပိတ် အခန်းတွေနဲ့ နေ့ခင်းဘက်မှာ ကိုက်လေ့ရှိပါတယ်။
ဒါကြောင့် သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ နေရာတွေက အိမ်တွေမှာ မှောင်နေတဲ့ အခန်းထောင့်နေရာတွေ၊ ထိုင်ခုံအောက်၊ ရေချိုးခန်း၊ အိမ်သာနဲ့ ခန်းစီး လိုက်ကာနောက်တွေကို ခြင်ခိုအောင်း မနေအောင် ခြင်ဆေး ဖျန်းထားပေးသင့်ပါတယ်။
ကလေးငယ်တွေနဲ့ လူကြီးတွေ နေ့ခင်းဘက် ခြင်ကိုက် မခံရအောင် ခြင်မကိုက်တဲ့ လိမ်းဆေးတွေ လိမ်းထားသင့်သလို၊ အခန်းတွင်း အလင်းရောင်ရအောင် ထားရှိသင့်ပြီး၊ အိမ်ပိတ်ဝန်းကျင်မှာ ခြင်ခို မအောင်းနိုင်အောင် ပစ္စည်းဟောင်းတွေကို စွန့်ပစ် ရှင်းလင်းကြဖို့ တိုက်တွန်းထားပါတယ်။
Ref: Channel News Asia
You may also like these stories:
စင်ကာပူမှာ ကိုဗစ်လူနာသစ် တဝက်လောက်က ရောဂါလက္ခဏာ မပြ
တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာ
နယူးဇီလန်မှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီ