တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ အာဏာပိုင်တွေဟာ ပင်လယ်စာ အဓိက တင်ပို့ ရောင်းချနေတဲ့ ဈေးကြီးကို Lockdown ချလိုက်ပါပြီ။ အနီးနား နေထိုင်သူ ၅၃ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် ဝင်ထွက်ခွင့်တွေကို တင်းကျပ်စွာ ပိတ်ပင်တားမြစ်လိုက်ပါတယ်။
အဆိုပါ ကူးစက်မှုအသစ်ဟာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအတွက် စိုးရိမ်စရာအခြေအနေအသစ် တခုလည်း ဖြစ်လာပါတယ်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သားတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ပင်လယ်စာ၊ အသီးနှံနဲ့ အသီးရွက်တွေ ရောင်းချပေးနေတဲ့ Xinfadi ဈေးကြီးထဲမှာ ဈေးလာဝယ်သူတွေနဲ့ ရောင်းချသူ ၅၃ ယောက်မှာ COVID-19 ရောဂါ ကူးစက်ခံရတာကို တွေ့ရှိခဲ့တာပါ။
လူအယောက် ၁၀,၀၀၀ ကျော် လုပ်ကိုင် ရောင်းချနေတဲ့ အဆိုပါဈေးထဲက ဆယ်လ်မွန်ငါး ရောင်းချတဲ့ဆိုင်တွေက စဉ်းတီတုံးတွေကတဆင့် ဗိုင်းရပ်စ် စတင် ကူးစက်တာလို့ ဖော်ပြထားပါတယ်။ တာဝန်ရှိသူတွေဟာ အဆိုပါ ဈေးနဲ့ ဆက်စပ်နေတဲ့ နေရာ ၅ နေရာအပြင်၊ အိမ်ရာ ၁၁ ခုနဲ့ ကျောင်း ၉ ကျောင်းကို ကူးစက်မခံရအောင် ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။
တရုတ်နိုင်ငံဟာ COVID-19 ရောဂါ စတင်ဖြစ်ပွားမှု များပြားတဲ့နိုင်ငံ ဖြစ်ပေမယ့် ကမ္ဘာ့ တခြားနေရာတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကပ်ရောဂါအသွင် ကူးစက်ခံနေရပါတယ်။ တရုတ်နိုင်ငံမှာလည်း ရောဂါကူးစက် ထိန်းချုပ်ရေးဟာ ပထမ ဦးစားပေးနေရာမှာ ရှိခဲ့ပြီး အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့လည်း ဒုတိယလှိုင်း ပြန်လည် ကူးစက်မှာကို စိုးရိမ်နေပြီး အထူးသဖြင့် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့နေ လူထု ၁၁ သန်းကျော်အတွက် စိုးရိမ်ဆဲပါ။ မြို့တော် ဘေဂျင်းကိုလည်း ရောဂါကူးစက်မှု အခြေအနေကနေ သတိထား ဆောင်ရွက်နေပြီး ဝင်ရောက်လာမယ့် ပြည်တွင်းခရီးသည်တွေကို ကန့်သတ်မှုအသစ် ထပ်မံတိုးမြှင့်သွားဖို့ ရှိပါတယ်။
ကူးစက်မှုအသစ် မဖြစ်ခင်မှာ ဘေဂျင်းမြို့ဟာ ပြည်တွင်းကူးစက်မှု ၈ ပတ်ကြာ မဖြစ်ဘဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအတွင်းက အသားငါး၊ ပင်လယ်စာ ရောင်းချတဲ့ဈေးကြီးတွေကို ပြန်လည် စိစစ်ဆောင်ရွက်သွားဖို့ရှိပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က ပင်လယ်စာဈေးကိုလည်း လက်ရှိအချိန်ထိ ပိတ်ပင်ထားဆဲပါ။
ကူးစက်ရောဂါပညာရှင်တွေ မရောက်လာသေးတာကြောင့် စတင်ကူးစက်ပုံကို အတိအကျ မပြောနိုင်သေးပါဘူး။ ကူးစက်ခံရသူ ၅၃ ယောက်ထဲက ၇ ယောက်မှာ လွန်ခဲ့တဲ့ ၃ ရက်က ရောဂါလက္ခဏာတွေ ပြသခဲ့ပေမယ့် ကျန် ၄၃ ယောက်ကတော့ ရောဂါလက္ခဏာ မပြခဲ့ဘူးလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက ဈေးထဲမှာ လုပ်ကိုင်နေသူ ရာကျော်ကို စမ်းသပ်ခဲ့ရာက ကူးစက်ခံရသူတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဘေဂျင်းရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာနေ အသား၊ ငါး နမူနာတွေကို စမ်းသပ်ခဲ့ကြရာက အလုပ်သမားတွေမှာ စတင်ကူးစက်ခံရပြီး ဒီကတဆင့် ဈေးဝယ်သူတွေကို ကူးစက်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒေသတွင်း မီဒီယာတွေကတော့ တင်သွင်းလာတဲ့ ဆယ်လ်မွန်ငါးတွေကို ဖြတ်တောက် ခုတ်ပိုင်းရာနေရာက တဆင့် စတင်ကူးစက်တာ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် ရောင်းချသူတွေကိုတော့ ယာယီ လေဟာပြင်ဈေးဖွင့် ရောင်းချခွင့် ပေးထားပါတယ်။
Ref: New York Times
You may also like these stories:
ကူးစက်မှုအသစ်မရှိလို့ ကန့်သတ်ချက်တွေ ဖြေလျှော့မယ့် နယူးဇီလန်
အင်ဒိုနီးရှားတွင် ဒီဇင်ဘာလအထိ ကျောင်းများ ဖွင့်နိုင်မည် မဟုတ်
တရုတ်ရိုးရာ တိုင်းရင်းဆေးတွေကို ပြက်ရယ်ပြုသူများအား အရေးယူမည်