COVID-19 ကူးစက်ခံနေရတဲ့ တောင်အာရှနိုင်ငံတွေထဲမှာ အိန္ဒိယ၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဆိုးဆုံး အခြေအနေမှာ ရှိနေပါတယ်။ ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရမှုမှာ အိန္ဒိယနိုင်ငံက အဆင့် ၄ နေရာက ရှိနေပြီး ပါကစ္စတန်နိုင်ငံက အဆင့် ၁၅ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆင့် ၁၈ နေရာကရှိနေပါတယ်။
လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောဂါကူးစက်ခံနေရသူ ၉ သောင်းကျော် ရှိနေပြီး သေဆုံးသူပေါင်း ၁,၂၀၉ ယောက် အထိ ရှိသွားခဲ့ပါပြီ။
ပြီးခဲ့တဲ့ စနေနေ့မှာတော့ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်သာသနာရေးဝန်ကြီး Sheikh Mohammad Abdullah ဟာ ကိုဗစ်ကူးစက်ခံရပြီး ဒါကာဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Anwar Hossain ကလည်း သာသနာရေးဝန်ကြီးဟာ COVID-19 ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့ရတာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
သာသနာရေးဝန်ကြီးဟာ ဘင်္ဂလားဒေ့ရှ် အစိုးရပိုင်းမှာဆိုရင်တော့ ကိုဗစ်ကြောင့် ပထမဆုံး ကွယ်လွန်ခဲ့တဲ့ ဝန်ကြီးပါ။ ကျန်တဲ့အစိုးရ အဖွဲ့ဝင်ဝန်ကြီး ၂ ဦးလည်း ကူးစက်ခံထားရတဲ့အတွက် ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားလာနေပြီး အစိုးရပိုင်းတွေမှာပါ ကူးစက်ခံနေရပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်သူ Mohammed Nasim ဟာ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတဲ့အတွက် ဒါကာဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း ကွယ်လွန်သွားခဲ့ပါသေးတယ်။ သူဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတယောက် ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အချိန်မှာတော့ ကမ္ဘာတဝှမ်း ရောဂါကူးစက်ခံနေရသူပေါင်း ၈ သန်းကျော် ရှိသွားခဲ့ပြီး သေဆုံးသူပေါင်း ၄ သိန်းကျော် ရှိသွားခဲ့ပါပြီ။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့သူ ၄ သန်းကျော် ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ နယူးဇီလန်နိုင်ငံအနေနဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို အောင်နိုင်ခဲ့ကြောင်းနဲ့ ကူးစက် လူနာအသစ် ထပ်မတွေ့ရှိတော့တဲ့အကြောင်း ကမ္ဘာကို ကြေညာခဲ့ပါသေးတယ်။
နယူးဇီလန်နိုင်ငံမှာ ကူးစက်လူနာသစ် ထပ်မံ မတွေ့ရှိခဲ့တာ ၂၄ ရက် ဆက်တိုက်ရှိသွားခဲ့ပြီဖြစ်ပေမယ့် ဒီကနေ့ မနက်ခင်းပိုင်းထုတ်ပြန်ချက်အရ နယူးဇီလန်နိုင်ငံမှာ ကူးစက်လူနာသစ် ၂ ယောက် ထပ်မံ တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့လူနာသစ် ၂ ယောက်စလုံးဟာ ယူကေကနေ ပြန်လာသူတွေလို့ သိရပါ တယ်။
Ref: CNA,Saudigazette,India
You may also like these stories:
တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာ
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပထမဆုံး ကိုဗစ်-၁၉ ကြောင့် သေဆုံး