Dexamethasone ဆိုတဲ့ ဆေးတမျိုးဟာ ကိုဗစ်ဖြစ်ပွားနေတဲ့ လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ပထမဆုံးသော ဆေးဖြစ်တယ်လို့ ဗြိတိန်သုတေသီတွေက ပြောကြားလိုက်ပါတယ်။
ဒီဆေးဟာ ဈေးသက်သာပြီး လွယ်လွယ်ကူကူ ရနိုင်တဲ့ ဆေးဖြစ်သလို အသည်းအသန် ဖျားနာနေတဲ့ ကိုဗစ်လူနာတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်တဲ့ဆေးပါ။ ဗြိတိန်မှာ ကိုဗစ် စဖြစ်ကတည်းက ဒီဆေးကို အသုံးပြုခဲ့မယ်ဆိုရင် လူပေါင်း ၅ ထောင်လောက်ရဲ့ အသက်ကို ကယ်တင်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
ဈေးသက်သာပြီး လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ဆေး ဖြစ်တဲ့အတွက် ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်မားနေတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဒီဆေးက အလွန်အကျိုးထူးစရာအကြောင်း ရှိပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာ ခေါင်းဆောင်ဖြစ်တဲ့ ပါမောက္ခ Chirst Whitty ကလည်း ဒီဆေးဟာ တကမ္ဘာလုံးမှာရှိတဲ့ ကိုဗစ်လူနာတွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဖြစ်သူ ဘောရစ်ဂျွန်ဆင်ကလည်း “ဗြိတိန်သိပ္ပံပညာရှင်တွေရဲ့ ကြီးမားတဲ့ အောင်မြင်မှုတခု” လို့ ပြောကြားခဲ့ပြီး ဆေးဝါး လုံလုံလောက်လောက် ထုတ်နိုင်ဖို့ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
Dexamethasone ဟာ ကိုဗစ်ကြောင့် အသက်ရှူစက် တပ်ထားရတဲ့ လူနာတွေရဲ့ အသက်သေဆုံးဖို့ အန္တရာယ်ရှိနှုန်း ၃ ပုံ ၁ ပုံအထိ လျှော့ချပေးနိုင်ပြီး အောက်စီဂျင် ပေးထားရတဲ့ လူနာတွေရဲ့ အသက်သေဆုံးဖို့ အန္တရာယ်ရှိနှုန်း ၅ ပုံ ၁ ပုံအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
COVID-19 ကူးစက်ခံနေရတဲ့ လူနာအယောက် ၂၀ မှာ ၁၉ ယောက်က ဆေးရုံတက်စရာ မလိုဘဲ နာလန်ပြန်ထူလာနိုင်ခဲ့ပါတယ်။ ဆေးရုံတင်ရသူ ကိုဗစ်လူနာ အများစုကို အသက်ရှူစက် တပ်ပေးရတာမျိုး၊ အောက်စီဂျင် ပေးရတာမျိုး ပြုလုပ်ရလေ့ ရှိပါတယ်။ ဒီလို အသည်းအသန်ဖြစ်နေတဲ့ ကိုဗစ်လူနာတွေကိုသာ ဒီဆေးက အကူအညီ ပေးနိုင်ပုံပါပဲ။
Oxford တက္ကသိုလ်က အဖွဲ့တဖွဲ့ဟာ ဆေးရုံတက်နေရတဲ့လူနာ ၂၀၀၀ ကို Dexamethasone ဆေးပေးပြီး ကျန်လူနာ ၄၀၀၀ ကျော်ကိုတော့ Dexamethasone ဆေးမပေးဘဲ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီဆေးကြောင့်ပဲ အသက်ရှူစက် တပ်ထားရသူတွေရဲ့ သေဆုံးမှု အန္တရာယ်ရှိနှုန်း ၄၀ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပြီး အောက်စီဂျင်ပေးထားရသူတွေရဲ့ သေဆုံးမှု အန္တရာယ်ရှိနှုန်း ၂၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးချုပ်ဖြစ်သူ ပါမောက္ခ Peter Horby ကလည်း “Dexamethasone ဆေးဟာ လက်ရှိ အချိန်မှာတော့ ကိုဗစ်ကြောင့် လူသေဆုံးမှုနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်တဲ့ ဆေးဖြစ်ပြီး ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတခုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
သုတေသီခေါင်းဆောင်ဖြစ်တဲ့ ပါမောက္ခ Martine Landray ကလည်း Dexamethasone ဆေးဟာ အသက်ရှူစက် တပ်ထားရတဲ့ လူနာ ၈ ယောက်ထဲက ၁ ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ပြီး အောက်စီဂျင် ပေးထားရတဲ့လူနာ ၂၀ နဲ့ ၂၅ ယောက်မှာ ၁ ယောက်ရဲ့အသက်ကို ကယ်တင်နိုင်တယ်လို့ ပြောပါတယ်။
လူနာတယောက်အတွက် ဒီဆေးကို ၁၀ ရက်ပေးရင် ကုန်ကျငွေ စတာလင်ပေါင် ၅ ပေါင်လောက်သာကုန်ကျမှာဖြစ်ပြီး ၃၅ ပေါင်လောက်နဲ့ လူတယောက်ရဲ့အသက်ကို ကယ်တင်နိုင်မှာဖြစ်သလို နိုင်ငံတကာမှာလည်း ဒီဆေးကို ရှာရလွယ်ကူတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ လူတွေအနေနဲ့ ဒီဆေးကို ဝယ်ပြီး အိမ်မှာကြိတ်ကုနေတာမျိုး မပြုလုပ်သင့်ဘူးလို့ သူက ပြောပါတယ်။
Dexamethasone ဆေးဟာ ကိုဗစ်လက္ခဏာ အပျော့စား ပြနေတဲ့ လူနာတွေကိုတော့ အကူအညီ မပေးနိုင်ဘူးလို့လည်း သိရပါတယ်။
Ref: BBC
You may also like these stories:
COVID-19 နဲ့အတူ ကြီးထွားလာတဲ့ ကလေးအလုပ်သမား ပြဿနာ
“တီဘီရောဂါ ဝန်ထုပ်ဝန်ပိုးကလည်း တော်တော်ကြီးပါတယ်”