ကူးစက်မြန် ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးပိုးသစ် တမျိုးကို တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အသစ်ထပ်မံ တွေ့ရှိခဲ့တဲ့ တုပ်ကွေးပိုးသစ်တမျိုးကို မကြာသေးခင် ရက်ပိုင်းလောက်က ဝက်တွေမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လူတွေကိုလည်း ကူးစက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
သုတေသနပညာရှင်တွေကတော့ တုပ်ကွေးပိုးသစ်ဟာ မျိုးရိုးဗီဇ ပြောင်းလဲပြီး လူတဦးကနေ တဦးကိုကူးစက်ရာကဆင့် ကမ္ဘာတဝှမ်းလုံး ကူးစက်သွားမှာကို စိုးရိမ်နေကြပါတယ်။
အသစ်ထပ်မံ တွေ့ရှိတဲ့ တုပ်ကွေးပိုးသစ်ဟာ လတ်တလောမှာတော့ ပြဿနာ မရှိသေးပေမယ့် လူသားတွေကို ကူးစက်နိုင်တဲ့ လက္ခဏာအားလုံး ရှိနေတဲ့အတွက် အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ အသစ်ဖြစ်တဲ့အတွက်ကြောင့် လူသားတွေအနေနဲ့ ဗိုင်းရပ်စ်ကို ခံနိုင်ရည် မရှိ ဒါမှမဟုတ် အနည်းငယ်သာ ခံနိုင်ရည် ရှိနိုင်ပါတယ်။
ဝက်တွေက တဆင့် ကူးစက်တာဖြစ်တဲ့အတွက် ဝက်မွေးမြူရောင်းချတဲ့ လုပ်ငန်းက အလုပ်သမားတွေကို အနီးကပ် စောင့်ကြည့်လေ့လာမှုတွေ အမြန်ဆုံးပြုလုပ်သင့်တယ်လို့ Proceedings of the National Academy of Sciences စာစောင်မှာ သုတေသီတွေက ရေးသားထားပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အဆုံးသတ်နိုင်ဖို့ တကမ္ဘာလုံးက ကြိုးစားနေကြတဲ့အချိန်မှာ အခုလို ဆိုးရွားတဲ့ တုပ်ကွေးရောဂါသစ်တမျိုး ထပ်တွေ့ရှိရတဲ့အတွက် ထိပ်တန်းရောဂါခြိမ်းခြောက်မှုတခု ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ တုပ်ကွေးရောဂါသစ်ကို စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။
ကမ္ဘာတဝှမ်း ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံး တုပ်ကွေးရောဂါစက်မှုက ၂၀၀၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဝက်တုပ်ကွေးဖြစ်ပြီး စိုးရိမ်ထားတာထက် လူသေဆုံးမှု နည်းပါးခဲ့ပါတယ်။ အဲဒီဗိုင်းရပ်စ်ကို A/H1N1 pdm 09 လို့ ခေါ်ပြီး နှစ်စဉ်ထိုးရတဲ့ တုပ်ကွေးကာကွယ်ဆေးနဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ထပ်မံတွေ့ရှိနေရတဲ့ တုပ်ကွေးဗိုင်းရပ်စ် မျိုးစိတ်သစ်ကတော့ ၂၀၀၉ ခုနှစ်က ဝက်တုပ်ကွေးမျိုးစိတ်နဲ့ တူပေမယ့် အပြောင်းအလဲသစ်တချို့ တွေ့ရတယ်လို့ သိရပါတယ်။
လက်ရှိ တုပ်ကွေးဗိုင်းရပ်စ်ဟာ လတ်တလောမှာတော့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု မဖြစ်သေးပေမယ့် စောင့်ကြည့်ရမယ့် မျိုးစိတ်သစ်ဖြစ်တယ်လို့ အဲဒီဗိုင်းရပ်စ်ကို လေ့လာနေတဲ့ ပါမောက္ခ Kin-Chow Chang နဲ့ သုတေသီတွေက ပြောပါတယ်။ G4 EA H1N1 လို့ သုတေသီတွေက နာမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ်သစ်ဟာ လူ့အသက်ရှူလမ်းကြောင်းကို ဖုံးအုပ်ထားတဲ့ ဆဲလ်တွေမှာ ရှင်သန် ပေါက်ဖွားနိုင်ပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ အချက်အလက်တွေကို လေ့လာတဲ့အခါ တရုတ်နိုင်ငံက သားသတ်ရုံတွေနဲ့ ဝက်မွေးမြူရောင်းချတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူတွေမှာ မကြာသေးခင်အချိန်က ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ တုပ်ကွေးကာကွယ်ဆေးတွေအနေနဲ့ ဗိုင်းရပ်စ်သစ်ကို ကာကွယ်ပေးနိုင်ပုံ မရှိပေမယ့် လိုအပ်လာခဲ့ရင် ကာကွယ်ဆေးကိုပြောင်းလဲ ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံ၊ နော်တင်ဟန် တက္ကသိုလ်က ပါမောက္ခဖြစ်သူ Kin-Chow Chang က လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်များနေပေမယ့် အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်သစ်ကိုလည်း မျက်ခြေမပြတ်သင့်ဘူးလို့ ပြောပါတယ်။
တုပ်ကွေးရောဂါ ကူးစက်မှုဟာ အချိန်မရွေး ဖြစ်ပွားနိုင်ပြီး လူကနေ လူကို အလွယ်တကူ ကူးစက်တဲ့ ဗိုင်းရပ်စ် မျိုးစိတ်သစ်မျိုး ပေါ်ပေါက်လာခဲ့ရင်တော့ ကမ္ဘာတဝှမ်း ကူးစက်နိုင်ပါတယ်။
Ref: BBC
You may also like these stories:
ဝူဟန်မြို့အခြေအနေ ပုံမှန်အတိုင်း ပြန်ဖြစ်လာ
ဘေဂျင်းမြို့အနီးမှာ လူပေါင်း ၄ သိန်းကို Lockdown ချထား
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းကျော်ရှိလာ