ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် စမ်းသပ်ထားတဲ့ ဆေးဝါး remdesivir ကို ဖွံ့ဖြိုးပြီး နိုင်ငံများမှ အစိုးရများထံ လူနာတဦးလျှင် ပုံမှန် ၅ ရက်ကြာ ကုသမှုအတွက် အမေရိကန်ဒေါ်လာ ၂၃၄၀ နှုန်းဖြင့် ပေးပို့ ရောင်းချသွားမည် ဖြစ်ကြောင်း Gilead Sciences Inc. ကုမ္ပဏီက ပြောပါတယ်။
COVID-19 ကပ်ရောဂါအတွက် လက်တွေ့ စမ်းသပ်မှုတွေမှာ လူနာများရဲ့ ရောဂါအခြေအနေ ကုသမှု တိုးတက်မှု ရှိကြောင်း တွေ့ရှိရတဲ့အတွက် အဆိုပါ ဆေးများကို ဂျပန် အပါအဝင် ကမ္ဘာတဝှမ်းသို့ လှူဒါန်းခဲ့ကြောင်း အမေရိကန် ဇီဝဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီ Gilead Sciences Inc. က ဆိုပါတယ်။
ဒါပေမဲ့လည်း လှူဒါန်းမှုများ ပြီးဆုံးသွားတဲ့နောက်မှာတော့ အဲ့ဒီဆေးအတွက် ဈေးနှုန်း ဘယ်လောက် သတ်မှတ်ရမယ်ဆို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စက်တင်ဘာလမှာတော့ အမေရိကန်နိုင်ငံရဲ့ ဆေးရုံများအတွက် ကုသမှု ၅၀၀,၀၀၀ ကျော် ပြုလုပ်နိုင်အောင် ဆေးဝါးများ သေချာ စီစဉ်ထားပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ၊ ကျန်းမာရေးနှင့် လူသား ဝန်ဆောင်မှု ဌာနက ပြောပါတယ်။ ဒါဟာ Gilead Sciences Inc. က ခန့်မှန်းထားတဲ့အတိုင်း ဇူလိုင်လမှ စတင်ကာ ၃ လတာ ထုတ်လုပ်မှုရဲ့ ရလဒ် အများစုကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။
remdesivir ကုသမှု တခုမှာ ပျမ်းမျှအားဖြင့် ဆေး (ထိုးဆေး) ၆ လုံး ပါဝင်မှာ ဖြစ်တယ်လို့ အဆိုပါ ဌာနရဲ့ အဆိုအရ သိရပါတယ်။ အစိုးရများထံ ဆေးတလုံးလျှင် အမေရိကန်ဒေါ်လာ ၃၉၀ တောင်းခံ သွားမယ်လို့ Gilead Sciences Inc. ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် remdesivir ဆေးဟာ လူနာများ ပြန်လည် နာလံထရန် လိုအပ်တဲ့ အချိန်ကို တိုတောင်းစေပြီး လေ့လာမှု တခုအရ ပျမ်းမျှအားဖြင့် ၄ ရက်သာ ကြာမြင့်တဲ့အတွက် ဆေးရဲ့ တန်ဖိုးကို အသိအမှတ်ပြု စရာပဲလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ အစောပိုင်းက ဆေးရုံမှ ဆင်းသွားခဲ့တဲ့ လူနာတဦးအတွက် ကုန်ကျငွေ ဒေါ်လာ ၁၂,၀၀၀ ခန့် ရှိပါတယ်။
“ဝယ်လိုအား အနိမ့်ဆုံး ရှိတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေအတွက် တတ်နိုင်လောက်တဲ့ အဆင့်တခုအထိ ကျနော်တို့က ဈေးနှုန်းကို လျှော့ချခဲ့ပါတယ်။ remdesivir ဆေးကို အတည်ပြုပြီး သို့မဟုတ် အသုံးပြုဖို့ အခွင့်အာဏာ ရှိပြီးဖြစ်တဲ့ ကမ္ဘာအနှံ့က ဖွံ့ဖြိုးပြီးနိုင်ငံများက အစိုးရများကို ဒီဈေးနှုန်းနဲ့ ကမ်းလှမ်းသွားမှာ ဖြစ်တယ်”လို့ ကုမ္ပဏီက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ လူပေါင်း ၁၀ သန်းကျော် ကူးစက်ခဲ့ပြီး ကမ္ဘာတဝှမ်းတွင် လူပေါင်း ၅၀၀,၀၀၀ ကျော် သေဆုံးခဲ့ရခြင်းနဲ့အတူ ဆေးအတွက် ကမ္ဘာ့ဝယ်လိုအား မြင့်မားနေခြင်းနဲ့ ကိုက်ညီစေရန် ကုမ္ပဏီက ထောက်ပံ့မှုများ တိုးမြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Remdesivir ဆေးကို အီဘိုလာဗိုင်းရပ်စ် ကုသရန် အတွက် Gilead Sciences Inc. က တီထွင်ခဲ့ခြင်း ဖြစ်ပေမယ့် အခြား ဆေးဝါးများနဲ့ နှိုင်းယှဉ်ရင်တော့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် အတည်ပြုချက် မရရှိခဲ့ပါဘူး။
အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ပြင်းထန်စွာ ခံစားနေရတဲ့ လူနာတွေကို ကုသရန်အတွက် remdesivir ဆေးကို မေလအတွင်းက အရေးပေါ် အသုံးပြုခွင့် ပေးခဲ့ပါတယ်။ ဂျပန်အစိုးရကလည်း အဲဒီအချိန်မှာပဲ အလျှင်အမြန် ပြန်လည် သုံးသပ်မှုတခု ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ် လူနာများအတွက် remdesivir ဆေးကို အတည်ပြု ပေးခဲ့ပါတယ်။
Ref. Kyodo
You may also like these stories:
အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ခံရသူ ၅၄,၀၀၀ ကျော်ရှိလာ
COVID-19 အရေးပေါ်ကုသရေး remdesivir ကို အမေရိကန် FDA အသုံးပြုခွင့်ပေး
COVID-19 ရောဂါအတွက် Remdesivir ဆေး စမ်းသပ်မှု မအောင်မြင်