ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့လအတွင်း COVID-19 ရောဂါ ကူးစက်သူအရေအတွက် ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။ တကမ္ဘာလုံး အတိုင်းအတာ ကူးစက်သူ အရေအတွက် ၆၀ ရာခိုင်နှုန်းက ပြီးခဲ့တဲ့ ဇွန်လအတွင်း ကူးစက်ခံခဲ့ကြရသူတွေပါ။ သေဆုံးသူ အရေအတွက်က ၅၂၀,၀၀၀ ကျော် ရှိသွားခဲ့ပါပြီ။
လက်ရှိအချိန်မှာတော့ တမ္ဘာလုံး အတိုင်းအတာအနေနဲ့ ကိုဗစ် ဒုတိယလှိုင်း ရိုက်ခတ်မှုကို ခံနေရတယ်လို့ WHO က ပြောကြားခဲ့ပါတယ်။ ကူးစက်သူ အရေအတွက် ပိုပြီးများပြားလာသလို မြန်မြန်ဆန်ဆန် ကူးစက်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တရက်တည်း အမေရိကန်နိုင်ငံမှာ ကူးစက်သူအရေအတွက် ၅၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ ကူးစက်သူ ၃ သန်းပြည့်တော့မှာဖြစ်ပြီး သေဆုံးသူ ၁၃၀,၀၀၀ ကျော်ရှိသွားခဲ့ပါပြီ။ တချိန်က ကိုဗစ် ဗဟိုချက်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အီတလီနဲ့ စပိန်နိုင်ငံမှာ နေ့စဉ်ကူးစက်သူ အရေအတွက် ၁၀,၀၀၀ နဲ့ ၆၅၀၀ လောက်သာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ နေ့စဉ်လူပေါင်း ၁၆၀,၀၀၀ ကျော် ကိုဗစ် ကူးစက်ခံနေရတယ်လို့ WHO ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom Ghebreyesus က ပြောပါတယ်။ အခုလို ကူးစက်မှုနှုန်း မြန်ဆန်နေရတဲ့အကြောင်းက ကန့်သတ်ချက်တွေ ပြန်လည် ဖြေလျှော့ပေးခဲ့တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
COVID-19 ရောဂါ ကူးစက်မှု စတင်ဖြစ်ပွားပြီး ၆ လကြာပြီးနောက်မှာတော့ ကူးစက်သူ အရေအတွက်က ပိုပြီး များပြားလာနေပါတယ်။ နိုင်ငံအများစုအနေနဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့နေတဲ့အတွက် ကူးစက်သူ အရေအတွက်က ပိုပြီးမြင့်မားလာဖွယ်ရှိနေတယ်လို့ WHO ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom Ghebreyesus က ပြောပါတယ်။
လက်ရှိ အချိန်မှာတော့ တကမ္ဘာလုံး အတိုင်းအတာအနေနဲ့ COVID-19 ရောဂါ ကူးစက်ခံရသူ ၁၀,၉၉၁,၈၇၂ ယောက် ရှိပါတယ်။ နေ့စဉ် ကူးစက်သူ အရေအတွက် များပြားနေတဲ့အတွက် မကြာခင် ၁၁ သန်းအထိ ရှိလာနိုင်ပါတယ်။
Ref: jpost, abcnews.go
You may also like these stories:
ကိုဗစ်ကူးစက်မှု အသစ်ကြောင့် ဘေဂျင်းမှာ ပင်လယ်စာဈေးကို Lockdown ချ
နယူးဇီလန်မှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီ
စင်ကာပူမှာ ကိုဗစ်လူနာသစ် တဝက်လောက်က ရောဂါလက္ခဏာ မပြ