ဘရာဇီးလ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၂ သန်းအထိ ရှိသောကြောင့် လူ ၁၀၀ လျှင် တဦး ကူးစက်ခံရသည့် အခြေအနေရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မကြာသေးမီ ရက်များအတွင်း တနေ့လျှင် ကူးစက်မှုသစ် ၂၀၀၀၀ မှ ၄၀၀၀၀ အထိ ရှိပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှု ကြီးမားကျယ်ပြန့်လာခြင်းမှာ လျှော့ကျလာသည့် လက္ခဏာ လုံးဝ မပြသဘဲ ဇူလိုင်လ ၃ ရက်နေ့တွင် ကူးစက် ၁ ဒဿမ ၅ သန်းအထိ ရှိလာသည်။
လူဦးရေ ၂၁၁ သန်းရှိသော ဘရာဇီးလ်နိုင်ငံတွင် ကြာသပတေးနေ့က အရေအတွက်အားဖြင့် ကူးစက်ခံရသူ ၂,၀၁၂,၁၅၁ အထိ ရှိလာသော ကူးစက်မှုမှာ ကမ္ဘာတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် အများဆုံးဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ကူးစက်မှုပေါင်း ၃ သန်းခွဲကျော် ရှိသည်။
ဘရာဇီးလ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသောကြောင့် သေဆုံးသူပေါင်း ၇၆,၆၈၈ ဦး ရှိသောကြောင့် အမေရိကန်နိုင်ငံပြီးလျှင် သေဆုံးမှုအများဆုံးလည်း ဖြစ်နေသည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု ၁၃၈,၀၀၀ ခန့်ရှိပြီး ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုမှ ဂျွန်ဟုပ်ကင်း တက္ကသိုလ်၏ စာရင်းအရ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ ၁၃ ဒဿမ ၇ သန်းရှိပြီး သေဆုံးမှု ၅၈၉၀,၀၀၀ ကျော်ပြီ ဖြစ်သည်။
ရောဂါကူးစက်ခံရသူများ၏ ၆၀ ရာခိုင်နှုန်း ပြန်လည် နာလန်ထလာကြောင်း ဘရာဇီးလ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။ သို့သော် ရောဂါကူးစက်မှုကို သမ္မတ ဂျဲ ဘိုလ်ဆွန်နာရို၏ ကိုင်တွယ်မှုအပေါ် ပြည်သူလူထု၏ ဒေါသမှာ ကြီးထွားလာနေသည်။
ရောဂါပိုးကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသောကြောင့် လွန်ခဲ့သော အပတ်က သီးခြား ခွဲနေထိုင်ရသော ဘိုလ်ဆွန်နာရိုသည် ကူးစက်ရောဂါ၏ ပြင်းထန်မှုကို အလေးမထားဘဲ ဗိုင်းရပ်စ်ပျံနှံ့မှုကို ထိန်းချုပ်ရန် လူမှုရေးနှင့် စီးပွားရေး ဆောင်ရွက်မှုများကို ကန့်သတ်သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို ပြစ်တင်ဝေဖန်နေသည်။
ဘရာဇီးလ်နိုင်ငံတွင် ရောဂါကူးစက်မှုနှင့် သေဆုံးမှုအများဆုံးဒေသမှာ အကြီးမားဆုံးမြို့ကြီးဖြစ်သည့် ဆော်ပေါ်လိုဖြစ်ပြီး ဒုတိယ အများဆုံးမှာ ရီယိုဒီဂျနေးရိုး ဖြစ်သည်။ ဘရာဇီးလ်နိုင်ငံတွင် ပထမဆုံးရောဂါကူးစက်မှုကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့တွင် တွေ့ရပြီး ယခုအခါ ထိုဗိုင်းရပ်စ်သည် ကုန်းတွင်းပိုင်း ပိုမိုဆင်းရဲသော ဒေသများသို့ပါ ပျံ့နှံ့နေသည်။
ထိုကူးစက်ရောဂါသည် အမေရိကတိုက်တွင် ကူးစက်မှု အပြင်းထန်ဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးနေသည်။
ကိုရိုနာဗိုင်းရပ်စ်သည် လက်တင်အမေရိကတွင် အခြားသော အကြောင်းရင်းများအပြင် ညံ့ဖျင်းသော ကျန်းမာရေး အခြေခံအဆောက်အအုံများနှင် ဝင်ငွေမညီမျှများကြောင့် အလျှင်အမြန်ပျံ့ပွားနေကြောင်း ကျန်းမာရေး ကျွမ်းကျင်သူများ ထောက်ပြသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယအများဆုံးဖြစ်ပြီး ကူးစက်မှုပေါင်း ၁ သန်းနီးပါး ရှိသည့် ရုရှားနိုင်ငံက စတုတ္ထအများဆုံးဖြစ်ပြီး ကူးစက်မှု ၇၅၀,၀၀၀ ကျော်ရှိကြောင်း ဂျွန်ဟုပ်ကင်း တက္ကသိုလ်၏ စာရင်းအရ သိရသည်။
(Kyodo News တွင် ရေးသားထားသော Brazil tops 2 mil. coronavirus cases, now affecting 1 in 100 people သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ထိုင်းပြည်သူများအား မကြောက်ရွံ့ဘဲ ပုံမှန်အတိုင်းနေဖို့ ဝန်ကြီးချုပ် တိုက်တွန်း
ဂျပန်က အမေရိကန်စစ်အခြေစိုက်စခန်းတွေမှာ COVID-19 ကူးစက်ခံရ
အမေရိကန်မှာ ကိုဗစ်ပါတီ တက်ရောက်သူတဦး သေဆုံး