ဒီလ ဒီအချိန်ဆိုတာက အရင့်အရင်နှစ်တွေမှာဆို ကျောင်းတွေဖွင့်နေပြီပေါ့။ ကျောင်းတက်ဖို့ အဝတ်အစားက အစ ကျောင်းတက်ဖို့လိုအပ်တဲ့ ကိရိယာတန်ဆာပလာ အစုံ ဝယ်ခြမ်းပြင်ဆင်ပေးကြရတဲ့ အချိန်တွေပေါ့။ အခုတော့လည်း အရမ်းခြားနားတဲ့ အနေအထားတခုက ဟန့်တားနေပါတော့တယ်။ ဒီအချိန်မှာ ဝေခွဲရအခက်ဆုံး မေးခွန်းက ကလေးတွေ ကျောင်းပြန်ဖွင် ရင် စိတ်ချလက်ချ သွားခိုင်းလို့ရပါ့မလား ဆိုတာပေါ့။
ဒါနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက ကလေးအထူးကု တယောက်ဖြစ်တဲ့ Dr Hansa D. Bhargava က Web MD မှာ ရေးသားထားတဲ့ ဆောင်းပါးတခုကို ဆင်ခြင် တွေးဆနိုင်ဖို့ မှီငြမ်းဝေမျှလိုက်ပါတယ်။ မူရင်း ရေးသားသူကတော့ အမေရိကန်နိုင်ငံရဲ့ အနေအထားတွေနဲ့ ရေးသားတာ ဖြစ်ပေမယ့် အခြေခံ သဘောတရား တူညီတာတွေကို ချင့်ချိန် စဉ်းစားနိုင်ကြမယ် လို့ ယုံကြည်ပါတယ်။
အခု ဆိုရင် အမေရိကန် နိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်းက ပိုပြီး တက်လာတာ ကြောက်ခမန်းလိလိပါ။ လူနာသစ်တွေ၊ သေဆုံးသူတွေကလည်း ဇယားမြင့်နေကြတုန်းပါ။ ဒါတွင်မက ပြီးခဲ့တဲ့ ၂ လလောက်ကစပြီး ကိုဗစ် ၁၉ ခံစားရသူ ကလေးငယ်တွေမှာ Pediactric Inflammatory Multisystem Syndrome ဆိုတာကိုလည်း တွေ့ရှိရပြန်ပါတယ်။ ဒါတွေက ပူပန်စရာ အကြောင်းတွေပါ။
ဒါပေမယ့် အမေရိကန်နိုင်ငံ ကလေးအထူးကု အကယ်ဒမီ ကတော့ ကလေးတွေကို ကျောင်းပြန်ပို့သင့်တယ် ဆိုတဲ့ ထုတ်ပြန်ချက်တခု ထွက်လာခဲ့ပါတယ်။
ဒီလို အချိန်မှာ ဘာကြောင့် ဒီလိုပြောရသလဲ၊ အွန်လိုင်း သင်ကြားရေးတွေကို ပို အားမပေးသင့်ဘူးလား ဆိုတာတွေ မေးစရာဖြစ်လာပြန်ပါတယ်။
အွန်လိုင်း စာသင်ကျောင်းတွေက ကောင်းပါတယ်။ အိမ်နေရင်း ကွန်ပျူတာရှေ့မှာ နာရီ နည်းနည်းလောက် စာသင်၊ ပြီးရင် အိမ်စာ လုပ်ရုံပါ။ တကယ့်အမှန်တရားကျတော့ ဒီလို မဟုတ်ပါဘူး။ အမေရိကန်လို နေရာမှာတောင် တချို့မိသားစုတွေအတွက် ဒါက အဆင်မပြေပါဘူး။ လူတိုင်းမှာ ကွန်ပျူတာတွေ ရှိမနေသလို မြန်ဆန်ပြည့်စုံတဲ့ အင်တာနက်ကလည်း မရတတ်ပါဘူး။
ပိုအရေးကြီးတဲ့တချက်က မိဘတွေအဖို့ အလုပ်သွားကြရမှာပါ။ အိမ်မှာ လူကြီးမရှိဘဲ ကလေးတွေ သက်သက်နဲ့ ဒါတွေ လုပ်ဖို့ ခက်ပါတယ်။ အခုအချိန် အိမ်ကနေ အလုပ်လုပ်ခွင့်ရနေတဲ့ မိဘတွေမှာသာ ကလေးကျောင်းစာတွေ၊ အိမ်စာတွေ အွန်လိုင်းက သင်တာကို ဘေးကနေ ကြပ်မတ်ပေးဖို့ အနေအထားရှိကြတာပါ။ ဒါက အမြဲ မဟုတ်နိုင်တာကို သိထားရပါမယ်။
မိဘတွေက ဒါတွေအတွက် ကျောင်းတွေအပေါ် မျှော်လင့်ကြရတာတွေပါ။ အိမ်မှုကိစ္စတွေ၊ ဝယ်ခြမ်းရတာတွေ စတဲ့ မဖြစ်မနေ လုပ်ဆောင်ကြရတာတွေကလည်း ရှိကြသေးတာပါ။ ကျောင်းကို မပို့ရရင် ဒီဖိအားတွေကလည်း များလှပါတယ်။ ပိုပြီး အရေးကြီးတာက အွန်လိုင်း သင်ကြားမှုတွေက ကျောင်းသားအများစု အတွက် ကျောင်းခန်းသင်ကြားမှုလောက် မထိရောက်တာ တွေ့ရပြီး ကျောင်းသားအာလုံးက ကွန်ပျူတာ ကိုယ်စီ ဆောင်မထားနိုင်ကြတာပါ။
အမေရိကန်မှာတော့ နေ့လယ်စာက အကြောင်းတခု ဖြစ်နေပြန်တာပါ။ မိသားစု အားလုံးရဲ့ ၄ ပုံ ၁ ပုံလောက်က ကျောင်းရဲ့ နေ့လယ်စာ အစီအစဉ်ကို အားထားနေကြရတာ ရှိပါတယ်။ ကျောင်းက နေ့လယ်စာကို မမှီခိုရင် အခက်ကြုံရမယ့် ကျောင်းသားက သန်း ၃၀ ကျော်လောက်တောင် ရှိမယ်လို့ဆိုပါတယ်။ မိဘတွေအတွက် အပိုကုန်ကျမှုတွေ၊ ထမင်းဗူးထည့်ဖို့ ဝေယျာဝစ္စတွေ သက်သာစေတဲ့ အစီအစဉ်ဖြစ်နေလို့ပါ။ ဒါတွေ အဆင်မပြေလို့ ကလေးက စာသင်ချိန်မှာ ဆာလောင် နေရရင်လည်း သင်ကြားရေး ခရီးမတွင်ဖြစ်မှာပါ။
နောက်တချက်က စိတ်ကျန်းမာရေး ရှုထောင့်ပါ။
အိမ်မှာဘဲ နေရတဲ့အခါ သူငယ်ချင်းတွေ၊ လူမှုဆက်ဆံရေးတွေ ကင်းကွာလာကြတာပါ။ ဒါက စိတ်ကျန်းမာရေးနဲ့ အမူအကျင့်တွေကို ထိခိုက်စေပါတယ်။
ကျောင်းပိတ်ထားတဲ့ ကာလ တွေမှာ ကျောင်းသား ကလေးသူငယ်တွေမှာ စိတ်ကျတာ နဲ့ စိုးရိမ်သောက တွေ ပိုလာတတ်တယ်လို သုတေသနတွေက ဆိုပါတယ်။ ကလေးအထူးကု အကယ်ဒမီက ကျောင်းပြန်ဖွင့်ရေးကို ဘာကြောင့်တိုက်တွန်းသလဲဆိုတာက တွေးစရာပါ။
ကလေးတွေ ရောဂါ ကူးစက်ခံရတာမျိုး ဖြစ်လာခဲ့သော်
မူရင်းဆောင်းပါးရှင်ကိုယ်တိုင်က ၁၃ နှစ်အရွယ် အမွှာကလေးတွေရဲ့ မိခင်ပါတဲ့။ စိတ်ပူစရာတွေကို နားလည်သိမြင်သူပါ။ ဒါပေမယ့် သူကလည်း အထောက်အထားတွေအရ ဆိုတာပါ။ ဆွစ်ဇာလန်နဲ့တရုတ်မှာ သုတေသနပြုခဲ့တာတွေအရ လူမှုအကွာအဝေးနဲ့ ပြန်ဖွင့်တဲ့ ကျောင်းတွေမှာ စမ်းသပ်စစ်ဆေးတဲ့အခါ ကလေးတွေ ရောဂါကူးစက်မှု မတွေ့ရဘူးလို့ ဆိုပါတယ်။
အမေရိကန်၊ နယူးယောက်က ဖွင့်နေတဲ့ မဖြစ်မနေ အလုပ်လုပ်ရသူ နဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ နေ့ကလေးထိန်းကျောင်း ၁၇၀ က ကလေး ၁၀၀၀၀ တသောင်းကျော်ကို လေ့လာရာမှာလည်း ရောဂါကူးစက်ခံရတဲ့ ကလေးက လက်ချိုးရေလို့ရပြီး အဲဒီ ကလေးတွေကနေ ရောဂါပိုး ပျံ့နှံ့တယ်လို ယူဆရတာက တယောက် ၂ ယောက်ထက် မပိုဘူး လို့ဆိုပါတယ်။
ကလေးတွေ ကျောင်းပြန်ပို့ဖို့ ပြင်ဆင်ထားသင့်တာတွေ
အခုအခြေအနေမှာ ကျောင်းပြန်ပို့ရေးက အရင်လို တော့ ဖြူးဖြောင့်မှာ မဟုတ်ပါဘူး။ အမေရိကန်မှာဆိုရင် ကူးစက်ရောဂါ ထိန်းချုပ်ရေး CDC နဲ့ ကလေးအထူးကု အကယ်ဒမီ AAP တို့ ကနေ လမ်းညွှန်မှုတွေ ထုတ်ပြန်ထားပါတယ်။
လူမှုအကွာအဝေး၊ ကလေးငယ်တွေကို အုပ်စုငယ်လေးတွေ အဖြစ်ထားရာမှာ စီစဉ်ရမယ့် အကန့်အသတ်တွေ၊ နှာခေါင်းစည်းတပ်ဖို့၊ ပစ္စည်း ပစ္စယတွေရော တကိုယ်ရေပါ သန့်ရှင်းရေး ကိစ္စ စတဲ့ ပြုဖွယ်တွေတော့ အတော်များပါတယ်။ ဒါတွေက ကာကွယ်ရေးအတွက် အထောက်အကူတွေ ဖြစ်သလို မိဘတွေကပါ တတပ်တအား သိုင်းဝိုင်းရမယ့် အနေအထားတွေပါ။
ကျောင်းပြန်ပို့ရမယ့် ကလေးတွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ပုံမှန် အနေအထားတွေကို ပြင်ဆင်ဖို့ အောက်ပါ အချက်တွေက သတိထား လိုက်နာရမှာတွေပါ။
၁) ကလေးတွေကို အမူအကျင့်ကောင်းတွေ ချက်ချင်းဘဲ ညွှန်ပြ သင်ကြားရတော့မှာပါ။ ကျောင်းက အရင်လို အခြေအနေမဟုတ်တော့တာ၊ လူမှု အကွာအဝေး၊ လက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ဖို့ ဆိုတာတွေပေါ့။ အခန်းပြင်ထွက်ရင် နှာခေါင်းစည်းတပ်၊ အခန်းထဲဝင်ရင် လက်ဆေး လို့အလွယ် မှတ်ဖို့ သင်ပေးနိုင်ပါတယ်။
၂) ကျောင်းခန်းက အရင်လို မဖြစ်နိုင်တော့တာ အသိပေးထားရပါမယ်။ ကျောင်းသား အရေအတွက် နည်းသွားမယ်၊ ကျောင်းချိန် နည်းသွားမယ်၊ အားကစားလုပ်တာမျိုးက အကန့်အသတ်ရှိမယ်၊ ရပ်ချင်ရပ်ထားမယ် ဆိုတာမျိုးတွေပေါ့။
၃) ကလေးကို ကာကွယ်ဆေး ထိုးတာတွေ လုပ်ထားဖို့ပါ။ အရင်ကထက် ပိုပြီ ဂရုပြုရမယ့် ကိစ္စပါ။ ကိုဗစ် ၁၉ က ရာသီ တုပ်ကွေး ကာလနဲ့ တိုက်ဆိုင် မြင့်တက်လာနေတာပါ။ ဒီတော့ အတန်းဖော်တွေပါ ထိုးနှံသင့်တဲ့ ကာကွယ်ဆေး ထိုးနှံတာ လုပ်ကြဖို့က မိဘရော ဆရာတွေပါ ပူးပေါင်း သတိပေး ကြရမှာပါ။
၄) ကျောင်းကြီးက ထာဝရ အရင်အတိုင်း မပြတ်တမ်း ပြန်ဖွင့်သွားမယ် ဆိုတာမျိုး မဟုတ်ဘဲ အချိန်မရွေး ပြန်ပိတ်နိုင်တယ် ဆိုတာကို ခံနိုင်ရည်ရှိဖို့လည်း သတိမူထားရမှာပါ။ ကိုဗစ် ၁၉ ရဲ့ မရေရာမှုတွေက အဆန်းတကြယ်ပါ။ ဒီတော့ ကိုယ့်ဒေသမှာ အဖြစ်များတာတွေ ပြန်တွေ့လာရင် အချိန်မရွေး ပြန်ပိတ်ရဦးမှာပါ။ လိုရင် လိုသလို ဒါမျိုးတွေ ကြုံရမှာကို ကြိုတင် သိမြင် ခံန်ိုငရည် ရှိကြစေဖို့ပါ။
၅) ကိုယ်တိုင်လည်း ဂရုစိုက်နေထိုင်ပါ။ ဒီအချိန်က လူတိုင်းအတွက်၊ တကမ္ဘာလုံး အတွက် ဖိအား အရမ်းများကြရတာပါ။ ဒါကြောင့် အလျော့အတင်း လုပ်ရလွယ်အောင် ပြင်ဆင်ထားရပါမယ်။ ဒါက သင့်အနေနဲ့မိဘ ဖြစ်တယ်၊ စိတ်ကို ခိုင်မာအောင် အမြဲ ဖြည့်တင်းထားဖို့ လိုတယ်လို့ ဆိုလိုတာပါ။ အာဟာရဖြစ်အောင်စားပါ၊ အိပ်ရေးဝအောင် အိပ်ပါ၊ အပြောင်းအလဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်အောင် အနားယူ အပန်းဖြေတာလေးတွေလည်း လုပ်ပေးပါ။
အချုပ်အနေနဲ့ ဆိုရရင်တော့ ကလေးတွေ အဖို့ ကျောင်းကို ပြန်သွားရေးက လိုအပ်ချက်ဆိုတာ သတိပြုထားဖို့ပါ။ ကျောင်းမှာ ကောင်းမွန်တဲ့ သင်ကြားရေး၊ လူမှု ဆက်ဆံရေးတွေနဲ့ အခြေခံကေင်းတွေ ဆောက်တည်ပေးရမှာပါ။
စမ်းတဝါးဝါးနဲ့ လမ်းညွှန်နေရတဲ့ အုပ်ချုပ်ရေး၊ ကျန်းမာရေး ကဏ္ဍတွေအပေါ် နားလည်သည်းခံ ပေးဖို့လည်း လိုပါတယ်။ မဆုံးနိုင်တဲ့ ၊ မရေရာတဲ့ အနေအထားမှာ တချက်ချော်သွားရင် မနိုင်ရင်ကာတွေ ဖြစ်ကြမှာပါ။
ကလေးတွေ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး ပြည့်စုံနေဖို့က အဓိက လိုအပ်ချက်ပါ။ ကျောင်းတွေလည်း အဆင်ပြေ ချောမွေ့ဖို့ နည်းလမ်းတွေ ရှာကြပါလိမ့်မယ်၊ ဒါပေမယ့် ရည်မှန်းချက်ပန်းတိုင် ရောက်ဖို့ကတော့ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်တာကို မိဘတွေလည်း သိမြင်စေလိုတာ ဖြစ်ပါတယ်။ ။
ကိုးကား။ ။ Should Kids Go Back to School? Why the AAP Says Yes BY HANSA D. BHARGAVA, MD , Board-certified pediatrician , JULY 08, 2020
You may also like these stories:
ထိုင်းမှာ စာသင်ကျောင်းတချို့ ပြန်ပိတ်
မလေးရှားမှ မြန်မာလုပ်သားအချို့ စားဝတ်နေရေး ခက်ခဲ၍ အဆုံးစီရင်မှုများ ရှိလာ
ဥရောပနိုင်ငံတွေမှာ မဖြစ်မနေ Mask တပ်ကြဖို့ စည်းမျဉ်းထုတ်ပြန်