အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ကနေ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ လက်သန့်ဆေးရည် တချို့ဟာ ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လက်သန့်ဆေးရည်မှာ ပါဝင်ရမယ့် ethanol အစား အဆိပ်တောက်ဖြစ်စေတဲ့ methanol တွေကို အသုံးပြုထားတာကို ရှာဖွေတွေ့ ရှိခဲ့ကြတာပါ။ လက်ရှိအချိန်ထိတော့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ လက်သန့်ဆေးရည် အမှတ်တံဆိပ် ၇၀ ကျော်ကို သုံးစွဲရန်မသင့် စာရင်းထုတ်ပြန်ထားပြီး နောက်ထပ်လည်း ထပ်မံ စိစစ် ရှာဖွေနေတယ်လို့ ဆိုပါတယ်။
“လက်သန့် ဆေးရည်တွေမှာ ခွင့်ပြုပေးထားတဲ့ ဓာတုပစ္စည်းတွေ ရှိပြီးသားပါ။ အဆိပ်တောက်ဖြစ်စေတဲ့ methanol သုံးထားတဲ့ ပစ္စည်းတွေကို လက်မခံနိုင်ပါဘူး” လို့ FDA ရဲ့ website စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဆိပ်တောက်ဖြစ်စေမယ့် methanol ပါဝင်တဲ့ လက်သန့်ဆေးရည်တွေကို အသုံးပြုမိမယ်ဆိုရင် လက်အရေပြားက တဆင့် ခန္ဓာကိုယ်အတွင်း စိမ့်ဝင်ကာ ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်စေပါတယ်။
တာရှည် သုံးစွဲခြင်းကြောင့် အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းအပြင် မျက်စိအမြင်အာရုံ ပျက်စီးသွားနိုင်သလို၊ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်ကာ သတိမေ့မြောပြီး နောက်ဆုံး အသက်သေဆုံးတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။
ထုတ်ပြန်ထားတဲ့ သုံးစွဲရန် မသင့်တဲ့ လက်သန့်ဆေးရည် အမှတ်တံဆိပ်တွေဟာ မက္ကဆီကို နိုင်ငံက ထုတ်လုပ်ထားတာ ဖြစ်ပြီး အမှတ်တံဆိပ်တွေအကြောင်း အသေးစိတ် အချက်အလက်တွေကိုတော့ အမေရိကန် FDA Website စာမျက်နှာမှာ သွားရောက် လေ့လာနိုင်ပါတယ်။
အမေရိကန် ရောဂါစောင့်ကြည့် ထိန်းချုပ်ကာကွယ်ရေးစင်တာကနေ ထုတ်ပြန်ချက်အရ COVID-19 ရောဂါအတွက် ထိရောက်မှုရှိတဲ့ လက်သန့်ဆေးရည်မှာ အယ်လ်ကိုဟော အခြေခံပြီး ethanol ၆၀ ရာခိုင်နှုန်း ဒါမှမဟုတ် isopropanol ၇၀ ရာခိုင်နှုန်း ပါဝင်ရမယ်လို့ ဖော်ပြထားပါတယ်။
“COVID-19 ကာလအတွင်းမှာ လူသုံးများတဲ့ လက်သန့်ဆေးရည်တွေမှာ အဆိပ်တောက်ဖြစ်စေမယ့် ဓာတုပစ္စည်းတွေကြောင့် ကလေး၊ လူကြီး ကျန်းမာရေး ထိခိုက်မှု မရှိအောင် သေချာစိစစ်နေပါတယ်” လို့ FDA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သုံးစွဲရန် မသင့်တဲ့ လက်သန့်ဆေးရည် စာရင်းကို FDA က ဇွန်လမှာ ပထမဆုံး ကြေညာချက်ထုတ်ခဲ့တာပါ။ ပထမဆုံး ထုတ်ပြန်ချိန်က အမှတ်တံဆိပ် ၉ ခုပဲ ရှိခဲ့ပြီး ဇူလိုင်အစောပိုင်း ထုတ်ပြန်ချက်မှာတော့ နောက်ထပ် ၄၆ မျိုး ထပ်တိုးကာ ယခင်အပတ်က ထုတ်ပြန်ချက်အပြီးမှာတော့ ၇၅ မျိုးထိ ရှိသွားပြီ ဖြစ်ပါတယ်။
Ref: Fox News
You may also like these stories:
ဥရောပနိုင်ငံတွေမှာ မဖြစ်မနေ Mask တပ်ကြဖို့ စည်းမျဉ်းထုတ်ပြန်
ဖလော်ရီဒါမှာ တရက်အတွင်း ကိုဗစ် ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ရှိ
အမေရိကန်မှာ ကိုဗစ်ပါတီ တက်ရောက်သူတဦး သေဆုံး