အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံဟာ ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ စိုးရိမ်စရာ အခြေအနေ ရှိနေတဲ့အတွက် သမ္မတ ဂျိုကိုဝီဒိုဒိုက အနောက် ဂျာဗားပြည်နယ်၊ ဘန်ဒေါင်းမြို့မှာရှိတဲ့ Padjajaran တက္ကသိုလ်ရဲ့ ဆေးကျောင်း သုတေသနအဖွဲ့ကို ၃ လအတွင်း Sinovac COVID-19 ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင်ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။
Padjajaran တက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်သူ Kusnandi Rusmil က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ သမ္မတ ဂျိုကိုဝီဒိုဒိုက ဆေးသုတေသနအဖွဲ့ကို ဂျာကာတာမှာရှိတဲ့ နန်းတော်မှာ သီးသန့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး COVID-19 အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေးကို အလျင်အမြန် ခြေရာခံကြဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတက ဖြစ်နိုင်မယ်ဆိုရင် ၃ လအတွင်း COVID-19 ကာကွယ်ဆေး ရရှိအောင် ကြိုးစားဖို့ အထူး ညွှန်ကြားချက်တွေ ပေးထားတယ်လို့ ပါမောက္ခ Kusnandi Rusmil က ပြောပါတယ်။
ဒါပေမဲ့လည်း သမ္မတရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ မလွယ်ကြောင်း၊ ဆေးသုတေသန အသင်းအနေနဲ့ သမ္မတ တောင်းဆိုတဲ့ ၃ လ အတွင်း ကာကွယ်ဆေးရရှိဖို့ မဖြစ်နိုင်ကြောင်း၊ သင့်တော်တဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ဖို့ လိုအပ်ကြောင်း သမ္မတနဲ့ တွေ့ဆုံချိန်က ပြောကြားခဲ့တယ်လို့ ပါမောက္ခ Kusnandi က ပြောပါတယ်။
Bio Farma နဲ့ပူးပေါင်းပြီး တရုတ်ဇီဝ ဆေးဝါးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်တဲ့ ကိုဗစ်ကာ ကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအစောပိုင်းအထိ စုစုပေါင်း လူ ၁၆၂၀ လောက်ကို စမ်းသပ်ဖို့ ရှိနေပြီး စမ်းသပ်မှု အောင်မြင်မယ်လို့ မျှော်လင့်ကြောင်း ပါမောက္ခက ပြောပါတယ်။
Bio Farma ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Honesti Basyir ကလည်း ကုမ္ပဏီအနေနဲ့ COVID-19 ကာကွယ်ဆေးကို တနှစ် သန်း ၄၀ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး အစိုးရ ခွင့်ပြုချက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားဖို့ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာလည်း Sinovac COVID-19 ကာကွယ်ဆေး တတိယအဆင့်ကို လူတွေနဲ့ စမ်းသပ်နေတယ်လို့ သိရပါတယ်။ COVID-19 ကာကွယ်ရာမှာ အလားအလာ ရှိနိုင်တဲ့အတွက် အင်ဒိုနီးရှားသမ္မတအနေနဲ့ ဒီဆေးကို ၃ လအတွင်း လိုချင်နေရတာပါ။ တရုတ်နိုင်ငံရဲ့တာဝန်ရှိသူတွေကလည်း ဒီကာကွယ်ဆေးဟာ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ အပြောင်းအလဲတခု ဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ပြည်နယ် ၆ ပြည်နယ်က ကျန်းမာရေးဝန်ထမ်း ၉၀၀ ကိုလည်း Sinovac COVID-19 ကာကွယ်ဆေး ၂ ကြိမ်ထိုးပေးပြီး လေ့လာမှုတွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှု အစောပိုင်းရလဒ်တွေကို ရက် ၉၀ အတွင်း သိရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဘရာဇီးနိုင်ငံ ဆော်ပေါ် လိုမြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှု ရှိခဲ့မယ်ဆိုရင်တော့ ဘရာဇီး ကျန်းမာရေး သုတေသနဌာနအနေနဲ့ ကာကွယ်ဆေး သန်း ၁၂၀ ထုတ်လုပ်ခွင့်ရရှိမယ်လို့ သဘောတူညီထားကြောင်း သိရပါတယ်။
Ref: thejakartapost
You may also like these stories:
Covid-19 ကုသဆေး အပြင်းအထန် ရှာနေ
ဂျာကာတာမြို့ကို အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်တော့မှာ မဟုတ်