ထိုင်းအစိုးရရဲ့ အစီရင်ခံစာအရ ဒီကနေ့မှာ COVID-19 ကူးစက်ခံရသူလူနာသစ် ၁၀ ယောက် ထပ်မံ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကူးစက်လူနာသစ်တွေ အားလုံးဟာ ပြည်ပက ပြန်လာသူတွေဖြစ်ပြီး Quarantine ဝင်နေကြသူတွေ ဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံ COVID-19 ထိန်းချုပ်ရေးစင်တာရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taweesilp Visanuyothin ရဲ့ ပြောကြားချက်အရ ကူးစက်ခံရသူ ၁၀ ယောက်အနက် ၆ ယောက်ဟာ အမေရိကန်က ပြန်လာတဲ့ တပ်မတော်သားတွေဖြစ်ပြီး ကျန် ၄ ယောက်ကတော့ ဆူဒန်၊ ပါကစ္စတန်၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံ အသီးသီးကနေ ပြန်လာကြသူတွေ ဖြစ်ကြပါတယ်။
အားလုံးကလည်း Quarantine ဝင်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ တပ်မတော်သား ၆ ယောက်ဟာ အမေရိကန်နိုင်ငံရဲ့ ဟာဝိုင်ယီကျွန်းမှာ စစ်ရေး လေ့ကျင့်နေကြသူတွေဖြစ်ကြပြီး ဇူလိုင် ၂၂ ရက်နေ့က ထိုင်းနိုင်ငံကို ပြန်ရောက်ခဲ့ကြပါတယ်။
COVID-19 စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ အဆိုပါ တပ်မတော်သားတွေဟာ ရောဂါကူးစက် ခံထားရတယ်လို့ ဒေါက်တာ Taweesilp က ပြောပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံထားရသူပေါင်း ၃,၂၇၉ ယောက်ရှိနေပြီး ၃,၁၀၇ ယောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ အရင်အတိုင်း ၅၈ ယောက်ပါ။
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ Rayong ကို လာရောက်ပြီး Quarantine မဝင်ဘဲ နေထိုင်ခဲ့တဲ့ အီဂျစ် စစ်သား ရောဂါကူးစက်ခံထားရကြောင်း သိရှိခဲ့ရတဲ့အတွက် ထိုင်းနိုင်ငံ တဝှမ်းလုံး ထိတ်လန့်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ ရောဂါ ကူးစက်ခံထားရခြင်း မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
သံသယလူနာ ၁၂ ယောက်ကို ကြာသပတေးနေ့က နောက်ဆုံးစမ်းသပ်မှု ပြုလုပ်တဲ့အခါမှာလည်း ရောဂါ ကူးစက်ထားတာ မတွေ့ရဘူးလို့ သူက ပြောပါတယ်။ သံသယလူနာ ၁၂ ယောက်ဟာ ဒီကနေ့မှာပဲ သူတို့ရဲ့ Quarantine ကာလ ပြီးဆုံးခဲ့ပါတယ်။ ရောဂါကူးစက်ခံခဲ့ရတဲ့ အီဂျစ်စစ်သားဖြစ်သူဟာ Rayong ဟိုတယ်နဲ့ ကုန်တိုက်၂ တိုက်ကို သွားရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာတဝှမ်း ရောဂါ ကူးစက်ခံရသူပေါင်း ၃ သိန်းနီးပါး ရှိခဲ့တဲ့အတွက် လက်ရှိအချိန်မှာတော့ ကူးစက်သူပေါင်း ၁၅ ဒဿမ ၆၅ သန်းအထိ ရှိခဲ့ပါတယ်။ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက် ၆,၂၇၇ ယောက် ရှိခဲ့တဲ့အတွက် ကမ္ဘာတဝှမ်း ၆၃၆,၄၇၉ ယောက် ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာလည်း ၂၄ နာရီအတွင်း လူပေါင်း ၇ သောင်းနီးပါး ကူးစက်ခဲ့တဲ့အတွက် လက်ရှိအမေရိကန်မှာ ရောဂါကူးစက်သူ အရေအတွက် ၄ ဒဿမ ၁၆ သန်းအထိ ရှိသွားခဲ့ပါပြီ။
Ref: Bangkokpost
You may also like these stories:
ဘရာဇီးသမ္မတ တတိယအကြိမ် ဆေးစစ်တဲ့အထိ ကိုဗစ် မပျောက်သေး
၃ လအတွင်း ကိုဗစ်ကာကွယ်ဆေး လိုချင်ကြောင်း အင်ဒိုနီးရှား သမ္မတပြော
Mask မတပ်သူများအား ဖမ်းဆီးအပြစ်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား