ဗိုင်းရပ်စ် ကူးစက်မှု လပေါင်းများစွာ ကင်းလွတ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသည် နောက်တကြိမ် COVID-19 လှိုင်းကို ရင်ဆိုင်နေရသည်။ နိုင်ငံအလယ်ပိုင်း ဒါနန်းတွင် ရောဂါကူးစက်မှုနှင့် ဆက်စပ်ပြီး ဟနွိုင်း၊ ဟိုချီမင်းစီးတီးနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသတွင် ရောဂါ ကူးစက်မှုသစ်များကို နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
ယခုအကြိမ် ကူးစက်မှုသည် မတ်လက ဗီယက်နမ်နိုင်ငံ ရင်ဆိုင်ခဲ့ရသည့် ဒုတိယလှိုင်းနှင့် မတူညီကြောင်း၊ မြို့ကြီးတိုင်းနှင့် ပြည်နယ်တိုင်းတွင် ကူးစက်မည့် အန္တရာယ်ရှိကြောင်း ဝန်ကြီးချုပ် ငုယင်ဆွန်ဖတ် ပြောသည်ဟု နိုင်ငံပိုင် ဗီယက်နမ် ရုပ်သံက ဆိုသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော်လည်း ဗဟိုက ချုပ်ကိုင်သည့် သီးခြားခွဲထား စောင့်ကြည့်သည့် အစီအစဉ်များနှင့် အဆက်အသွယ် ခြေရာခံသည့် စနစ်များကြောင့် ဗီယက်နမ်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု ၄၄၆ ခုသာ ရှိခဲ့သည်။
လူဦးရေ ၉၅ သန်းရှိသော ဗီယက်နမ်နိုင်ငံသည် COVID-19 ကြောင့် သေဆုံးမှု မရှိသည့် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ပြည်တွင်းကူးစက်မှု မရှိသည်မှာ လအတန်ကြာပြီ ဖြစ်သည်။
သို့သော် လွန်ခဲ့သော ရက်သတ္တပတ် အကုန်က ဒါနန်းတွင် ရောဂါကူးစက်မှုကြောင့် ထိုစံချိန်မှာ ခြိမ်းခြောက်ခံနေရသည်။ ဈေးလျှော့ပေးသော ပြည်တွင်းခရီးသွား အစီအစဉ်များကြောင့် ဒါနန်းသို့ လူပေါင်းသောင်းချီ သွားရောက် လည်ပတ်နေစဉ် ထိုသို့ကူးစက်မှုဖြစ်ပွားခြင်း ဖြစ်သည်။
အင်္ဂါနေ့တွင် အစိုးရက ဒါနန်းသို့ ဝင်ထွက်သည့် လေကြောင်းလိုင်းအားလုံးကို ၁၅ ရက် ဆိုင်းငံ့လိုက်သည်။ ထိုမြို့တွင်းနှင့် ပတ်ဝန်းကျင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် အနည်းဆုံး ၃၀ တွေ့ရှိထားသည်။
ဒါနန်းသို့ သွားရောက်လည်ပတ်သည့် လူပေါင်း ၁၈၀၀၀ ကျော်သည် နိုင်ငံတောင်ပိုင်း စီးပွားရေးအချက်အခြာဖြစ်သည့် ဟိုချီမင်း စီးတီးသို့ ပြန်လာခဲ့ကြောင်း အာဏာပိုင်များကို အင်္ဂါနေ့တွင်ပြောသည်။ ဒါနန်းမှ ပြန်လာသူ ၁၅၀၀၀ မှ ၂၀၀၀၀ ကြားရှိမည်ဟု မျှော်လင့်ကြောင်း ဟနွိုင်းမှ အာဏာပိုင်များက ပြောသည်။
တနိုင်ငံလုံးမှ ခရီးသည်များ သွားရောက်သည့် နေရာများတွင် နိုးကြားမှုရှိရန်နှင့် ဒါနန်းကို တင်းကျပ်စွာ ပိတ်ဆို့ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်ဟု ဗီယက်နမ် ရုပ်သံက ဖော်ပြသည်။
မကြာသေးမီက ဒါနန်းမှ ပြန်လာသည့် ဟနွိုင်းရှိ ပီဇာစားသောက်ဆိုင် ဝန်ထမ်းတဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စမ်းသပ် တွေ့ရှိပြီး ထိုဆိုင်ကို အာဏာပိုင်များက ပိတ်ထားလိုက်ကြောင်း အစိုးရမီဒီယာက ဖော်ပြသည်။ ကျန်းမာရေး ဝန်ကြီးဌာနက ထိုကူးစက်မှု အသစ်များကို အတည်ပြုပေးခြင်း မရှိသေးပေ။
ဗီယက်နမ်သည် COVID-19 ကူးစက်ခံရသူ အီကွေတိုရီရယ် ဂီနီမှ ဆောက်လုပ်ရေး လုပ်သားများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ပို့ဆောင်မည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ထိုအလုပ်သမားများကို ဟနွိုင်း မြို့ပြင်ရှိ ဆေးရုံတရုံတွင် ကုသပေးမည် ဖြစ်သည်။
(Reuters သတင်းဌာနတွင် ဖော်ပြထားသော Vietnam says every city, province now at risk of virus infection သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။)
You may also like these stories:
ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှု ပြန်တွေ့
ဗီယက်နမ်မှာ ကိုဗစ် ပြည်တွင်း ကူးစက်မှုအသစ် တွေ့ရှိ
ကိုဗစ် ဒုတိယလှိုင်းကြောင့် နိုင်ငံခြားသားများအား ဗီယက်နမ်သို့ ဝင်ခွင့်မပြုသေး