ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ် ကုသဆေး အစမ်းသပ်ခံ ကူညီသွားဖို့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံး ဒုတိယနေရာမှာ ရှိနေတဲ့ ဘရာဇီးအတွက် ကာကွယ်ဆေး အမြန်ဆုံး ပေါ်ထွက်လာဖို့ ရှေ့ဆုံးကနေ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက စမ်းသပ်ခံပေးသွားမယ်လို့ ဆိုပါတယ်။
တနေ့ကို ကူးစက်ခံရသူ လူနာအသစ် ၆ သောင်းကျော် ၇ သောင်းနီးပါး ရှိနေတဲ့ အမေရိကန်နိုင်ငံပြီးရင် ဘရာဇီးဟာ တနေ့ကို လူနာအသစ် ၂ သောင်းခွဲ ၃ သောင်းကျော်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ လက်ရှိအချိန်ထိ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ ၉၀,၁၈၈ ဦးနဲ့ ကူးစက်ခံရသူ စုစုပေါင်းကတော့ ၂,၅၅၅,၅၁၈ ဦး ရှိနေပါပြီ။
ကူးစက်မှုနှုန်း မြင့်နေတဲ့ တောင်အမေရိကနိုင်ငံဟာ ဖြစ်နိုင်ချေရှိမယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ စမ်းသပ်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ စမ်းသပ်ခန်းမှာ စမ်းသပ်နေတဲ့ ကြွက်ဖြူလေးတွေ နေရာမှာ ကူးစက် လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးကို စမ်းသပ်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
လက်ရှိ စမ်းသပ်မှုတွေထဲမှာ ရာခိုင်နှုန်းအမြင့်ဆုံး ဖြစ်နေတဲ့ Oxford တက္ကသိုလ်နဲ့ AstraZeneca တို့ပူးပါင်း ဖော်ထုတ်နေတဲ့ ကာကွယ်ဆေးကို ဘရာဇီး ကျန်းမာရေးဝန်ထမ်း ၅,၀၀၀ က စေတနာ့ဝန်ထမ်းအဖြစ် အစမ်းသပ်ခံ ကူညီပေးသွားမှာပါ။
စေတနာ့ဝန်ထမ်းတဦးဖြစ်တဲ့ Sao Paulo ရှိ ကျန်းမာရေးဆေးခန်းမှ အသက် ၅၃ နှစ်အရွယ် Levi က “ကာကွယ်ဆေး ထွက်လာဖို့ဆိုတာ ကျမ အဖြစ်ချင်ဆုံးပါ။ ယုံကြည်ချက်အတွက် လုပ်ပေးဖြစ်တာပါ။ ကျမ တတ်နိုင်သလောက် လုပ်ပေးချင်တယ်” လို့ ဆိုပါတယ်။
ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ Sao Paulo မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ရာ နေရာ ဖြစ်ခဲ့ပြီး ကူးစက်ခံရသူ ၂ ဒဿမ ၅ သန်းကျော် ရှိကာ သေဆုံးသူ ၉ သောင်းကျော်ရှိခဲ့ပြီး တနိုင်ငံလုံးနီးပါးရဲ့ ကူးစက်ခံရသူ အရေအတွက်နီးပါး ဖြစ်လာခဲ့ပါတယ်။
အရင်ပတ်ကလည်း တရုတ်နိုင်ငံထုတ် CoronaVac ကာကွယ်ဆေးကို ဘရာဇီးမှာ လူသားနဲ့ ပထမဆုံး စမ်းသပ်ပေးခဲ့ပါတယ်။ အဆိုပါ ကာကွယ်ဆေးကိုလည်း ကျန်းမာရေး ဝန်ထမ်းတွေကပဲ စမ်းသပ်ခံပေးခဲ့တာပါ။ စေတနာ့ ဝန်ထမ်းတွေဟာ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်း ရှိပြီး လူနာကို စောင့်ရှောက်ပေးဖူးတဲ့ အတွေ့အကြုံ ရှိကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
စေတနာ့ဝန်ထမ်း တဝက်ကိုတော့ Oxford ရဲ့ ကာကွယ်ဆေး ထိုးပေးသွားမှာဖြစ်ပြီး ကျန်တဝက်ကိုတော့ placebo ပေးသွားမှာ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်အတွင်းက ရလဒ်ကို တနှစ်ကြာ သိရမှာပါ။
“ကျမ စထိုးတဲ့နေ့ က ခေါင်းနည်းနည်း ကိုက်ပြီး ချမ်းစိမ့်စိမ့်ဖြစ်တယ်။ ကျမကို ထိုးပေးလိုက်တာ စမ်းသပ်ဆေးလား၊ placebo လားဆိုတာတော့ မသိပါဘူး” လို့ Levi က အတွေ့အကြုံကို ပြောပြပါတယ်။
လတ်တလောမှာတော့ သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ရှာဖွေနေတဲ့ စမ်းသပ်ချက် ၁၅၀ ကျော်လောက် ရှိပြီး ဘယ်ဆေးကိုမှ အာမခံချက် မပေးနိုင်သေးပါဘူး။ တကယ်လို့သာ Oxford ရဲ့ ကာကွယ်ဆေးသာ အလုပ်ဖြစ်ခဲ့မယ်ဆိုရင် ဘရားဇီးဘက်က သန်း ၁၀၀ ကျော်လောက် ယူဖို့ရှိနေပါတယ်။
Ref: Channel News Asia
You may also like these stories:
အီဂျစ်မှာ ထိုင်းကျောင်းသားတဦး ကိုဗစ်ကြောင့် သေဆုံး
ဗီယက်နမ်ရှိ မြို့ကြီးများနှင့် ပြည်နယ်တိုင်းတွင် ကိုဗစ် အန္တရာယ်ရှိနေ
တရုတ်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု ပြန်မြင့်တက်