အာဂျင်တီးနားနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀၀၀ ကျော်သွားပြီလို့ အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လအတော်ကြာ Lockdown ချ ကန့်သတ် ပိတ်ပင်ထားပြီး ပြန်လည် ဖွင့်လှစ်လိုက်စဉ် ရက်သတ္တပတ်အတွင်း ကူးစက်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
မတ်လ ၂၀ ရက်ကစလို့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်မှုတွေ အာဂျင်တီးနားမှာ စတင်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေဘက်ကလည်း နိုင်ငံရဲ့ ဒေသတော်တော်များများကို ကန့်သတ် ပိတ်ပင်မှုတွေနဲ့ ထိန်းချုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကူးစက်မှုတွေ ပြန်မြင့်တက်လာပြီး သေဆုံးသူ ၅၀၀၀ ကျော်တဲ့အထိ ရှိလာခဲ့တဲ့ တောင်အမေရိကနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
သြဂုတ် ၁၂ ရက်က COVID-19 ကူးစက်သူစာရင်း ထုတ်ပြန်ချက်မှာ လူနာ ၇,၀၄၃ ဦး တိုးလာကာ ကူးစက်သူ စုစုပေါင်း ၂၆၀,၉၁၁ ဦးရှိလာတာကြောင့် ကူးစက်သူများခဲ့တဲ့ ဥရောပတိုက်က အီတလီနိုင်ငံထက်တောင် မြင့်တက်သွားခဲ့ပါတယ်။ အစိုးရက နောက်ဆုံးထုတ်ပြန်ချက်အရ ကိုဗစ်ကြောင့် သေဆုံးသူဟာ ၅,၀၀၄ ဦး ရှိပြီလို့ ဆိုပါတယ်။
မြို့တော် ဗျူနိုအေးရိစ်မြို့နဲ့ အနီးနားနေရာတွေမှာ တင်းကျပ်တဲ့ Quarantine စောင့်ကြည့်မှုတွေ ထားရှိပေမယ့် ရောဂါဖြစ်ပွားမှု ရုတ်တရက် မြင့်မားလာတဲ့ နေရာတွေမှာတော့ ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာနေဆဲပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အစောပိုင်းရက်တွေက အာဂျင်တီးနားမှာ ရောဂါဖြစ်ပွားမှုကို လအတော်ကြာ ထိန်းချုပ်နိုင်ခဲ့ပြီးကာမှ ပြန်လည် မြင့်တက်လာတဲ့ အခြေအနေကို စိုးရိမ်ပူပန်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
နောက်ထပ် ကူးစက်မှု အမြင့်ဆုံးဖြစ်နေတဲ့ တောင်အမေရိကနိုင်ငံတနိုင်ဖြစ်တဲ့ ဘရာဇီးမှာလည်း တရက်အတွင်း ကူးစက်မှု ၅၀,၀၀၀ နီးပါး ရှိလာကာ ၂၄ နာရီအတွင်း သေဆုံးသူ အရေအတွက် ၉၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စုစုပေါင်း ကူးစက်ခံရသူ အရေအတွက်ကတော့ ၃,၁၁၂,၃၉၃ ဦးရှိ ကာ သေဆုံးသူ ၁၀၃,၀၉၉ ဦး ရှိသွားပြီလို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအဖွဲ့ကြီးရဲ့ ပြောပြချက်အရ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံဟာ တရက်ကို ကူးစက်ခံရသူ ၁ သိန်း ကျော်ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၅,၃၀၅,၉၅၇ ဦးရှိပြီး သေဆုံးသူအရေအတွက်ကတော့ ၁၆၇,၇၄၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
Ref: Reuters
You may also like these stories:
ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်လိုက်ပြီ
အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅ သန်းကျော် ရှိလာ
ပြန်လည် ပြန့်ပွားလာနေသော ကိုရိုနာဗိုင်းရပ်ကို ထိန်းချုပ်ရန် ဗီယက်နမ် လုံးပန်းနေရ