Health

နယူးဇီလန်မှာ ကိုဗစ် ကူးစက်လူနာ ပြန်တွေ့တဲ့အတွက် Lockdown ပြန်ချ

နယူးဇီလန်နိုင်ငံမှာ ပြည်တွင်း ကူးစက်မှု မရှိခဲ့တာ ရက်ပေါင်း ၁၀၂ ရက် ကြာမြင့်ပြီးမှ ရောဂါကူးစက်ခံထားရသူတွေကို Auckland မြို့မှာ ပြန်လည် တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း Auckland မြို့ကို Lockdown ပြန်ချထားလိုက်ပါတယ်။ ကူးစက်လူနာ ၄ ယောက်ဟာ မိသားစုတစုထဲက ဖြစ်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ကူးစက်ခံရသူ မိသားစုနဲ့ ဆက်စပ်နေသူတွေကို ခြေရာခံ လိုက်ရှာနေပါတယ်။

Auckland မြို့မှာ နေထိုင်ကြသူတွေကိုလည်း နေအိမ်မှာသာ နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။ ကြီးမားတဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့၊ အရေးမကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားဖို့နဲ့ Social Distancing စည်းကမ်းတွေကို လိုက်နာကြဖို့ ညွှန်ကြားထားပါတယ်။ ဒီကနေ့ကစပြီး နယူးဇီလန်နိုင်ငံရဲ့ မြို့ကြီးတမြို့ ဖြစ်တဲ့ Auckland မြို့ကို Lockdown စတင်ချသွားပါမယ်။

နယူးဇီလန်နိုင်ငံဟာ COVID-19 ရောဂါ ကင်းရှင်းသွားပြီလို့ ဇွန်လ ၈ ရက်နေ့က ဝန်ကြီးချုပ် Jacinda Ardern က တရားဝင် ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဗီယက်နမ်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာ ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် မြင့်တက်နေတဲ့အတွက် နယူးဇီလန်နိုင်ငံသားတွေ အနေနဲ့ ဂရုတစိုက် နေထိုင်ကြဖို့ ညွှန်ကြားခဲ့ပါသေးတယ်။ အခုတော့ နယူးဇီလန်နိုင်ငံလည်း ပြည်တွင်းကူးစက်မှုတွေ ပြန်လည် စတင်ခဲ့ပါပြီ။

နယူးဇီလန်နိုင်ငံမှာ ဖေဖော်ဝါရီ နှောင်းပိုင်းကစတင်ပြီး COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့သလို ကူးစက်သူ ၁၂၂၀ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက် ရှိခဲ့ပါတယ်။ ရောဂါကို ထိန်းချုပ်လာနိုင်ပြီးတဲ့နောက် မတ်လကစတင်ပြီး ကန့်သတ်မှုတွေ အားလုံးနီးပါးကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံမှာ ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် တွေ့ရှိနေသလိုပဲ ကမ္ဘာတဝှမ်းမှာလည်း ကူးစက်လူနာ သန်း ၂၀ ကျော်သွားခဲ့ပါပြီ။

Lockdown ချလိုက်တဲ့ Auckland မြို့မှာ လူဦးရေ ၁ ဒဿမ ၆ သန်းနီးပါး နေထိုင်ပါတယ်။ ကျန်းမာ ရေးညွှန်ကြားရေးမှူးချုပ်ဒေါက်တာ Ashley Bloomfield က နောက်ထပ် ကူးစက် လူနာသစ်တွေကို ခြေရာခံနိုင်ဖို့ Auckland မြို့ကို အနည်းဆုံး ၃ ရက် Lockdown ချထားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့သလို နောက်ထပ် လူနာသစ်တွေကိုလည်း ထပ်မံတွေ့ရှိမယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ပြန်လည် တွေ့ရှိတဲ့ ကူးစက်လူနာသစ်ဟာ အသက် ၅၀ အရွယ် ရှိသူဖြစ်ပြီး ပြည်ပ ခရီးသွားရာဇဝင် လည်း မရှိခဲ့ပါဘူး။ ကျန်မိသားစု ၆ ယောက်ကို စစ်ဆေးရာမှာတော့ ၃ ယောက်မှာ ရောဂါ မတွေ့ဘဲ ၃ ယောက်မှာ ရောဂါ တွေ့ရှိခဲ့ပါတယ်။

Ref: BBC, abc

You may also like these stories:

အာဂျင်တီးနားမှာ ကိုဗစ် တကျော့ပြန် ကူးစက်မှုကြောင့် သေဆုံးသူ မြင့်တက်

ယူအေအီးတွင် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် နီးစပ်နေပြီ

ဗီယက်နမ်မှာ COVID-19 ကြောင့် လူသေဆုံးမှု မြင့်တက်လာ

Loading